Wednesday 1 August 2012

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထား

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားကြောင်း
 မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေး မှူးဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရှိရသည်။

သီလ၀ါအထူးစီးပွားဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာလျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိတော့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းမြေကွက် ၁၀ ကွက်အနက်မှ ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး ကျန်မြေကွက်ငါးကွက်ကိုသာလျှင် ဆိပ်ကမ်းတည်ဆောက်မည့် အခြားအဖွဲ့အစည်းများအား လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေး သွားမည်ဖြစ်သည်။

''လက်ရှိသီလ၀ါ အထူးစီးပွားဇုန်မြေနေရာမှ မြေကွက်နေရာလွတ် ၁၀ ကွက်ကျန်တဲ့အနက်က
 မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ သီလ၀ါဆိပ်ကမ်းဘက်မှာ တိုးချဲ့တည်ဆောက်ဖို့ လျာထားပါတယ်။ ကျန်မြေကွက် ငါးကွက်ကိုသာ နိုင်ငံတော် လိုအပ်ချက်အရ ဆိပ်ကမ်းများ တည်ဆောက်မယ့် အဖွဲ့အစည်းတွေကို ချထားပေးဖို့ ဖြစ်ပါတယ်''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
လက်ရှိတွင် သီလ၀ါ အထူးစီးပွားဇုန်နေရာ၌ MITT ၊  MIPL နှင့် MEC တို့မှ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တံတားအတွက် ဆောင်ရွက်ပြီး မြေကွက်ခြောက်ကွက်နှင့် ဆောင်ရွက်ဆဲ မြေကွက်လေးကွက်၊ ဦးပိုင်နှင့် MSPL တို့မှ အထွေထွေတံတား တည်ဆောက်ရန်နေရာချထားပြီး မြေကွက်လေးကွက်၊ စက်သုံးဆီဆိပ်ကမ်းများ တည်ဆောက်ရန် ချထားပြီး မြေကွက် ၁၁ ကွက်၊ ကောက်ပဲသီးနှံ တံတားအတွက် မြေကွက်နှစ်ကွက် စုစုပေါင်းမြေကွက် ၂၇ နေရာအား အကောင်အထည်ဖော်
 ဆောင်ရွက်လျက်ရှိသည်။

သီလ၀ါ အထူးစီးပွားဇုန်တွင် လက်ရှိလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များမှာ MITT နှင့် MIPL အပြင် အေးရှားဝေါလ် ကုမ္ပဏီလီမီတက်၊ မက်စ်မြန်မာ ၀န်ဆောင်မှုလီမီတက်၊ ရွှေတောင် ကုမ္ပဏီလီမီတက်၊ ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမီတက်၊
 မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ မြတ်မေတ္တာမွန် ၀န်ဆောင်မှုကုမ္ပဏီလီမီတက် စသည့်လုပ်ငန်းအဖွဲ့များ အပါအ၀င်လုပ်ငန်း အဖွဲ့ ၁၈ ဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းခြင်း၊ လုပ်ငန်းအမျိုးအစား ပိုင်းခြားသတ်မှတ်နိုင်ရန် မြေအသေးစိတ် တိုင်းထွာခြင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယားနှင့် ဟောင်ကောင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာသူများအား လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းများအား ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ထို့ပြင် METI အဖွဲ့မှ မြေစမ်းသပ်ခြင်း၊ JICA အဖွဲ့မှ ရေအရင်း အမြစ်အခြေအနေ
 လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သီလ၀ါ ဆိပ်ကမ်းဖွံ့ဖြိုးရေး အကြိုဖြစ်နိုင်ခြေ လေ့လာရေးကို UNDP အကူအညီဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အလျားမီတာ ၂၀၀၊ ကုန်းတွင်းဘက် အလျားမီတာ ၇၅၀၊ အကျယ်အ၀န်း ၃၇ ဧကရှိသော မြေကွက် ၁၇ ကွက် လျာထားခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု အခြေအနေအရ မြေကွက် ၃၇ ကွက်အထိ တိုးချဲ့လျာထားခဲ့ခြင်းဖြစ်သည်။

၁ ရန်ကုန်ဆိပ်ကမ်းမှ မြစ်ဝသို့ ၃၂ကီလိုမီတာကွာဝေးပြီး၊ ရန်ကုန်ဆိပ်ကမ်းနှင့် မြစ်ဝအကြား ၁၆ကီလိုမီတာအကွာတွင် သီလ၀ါဆိပ်ကမ်းတည်ရှိ
၂ အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာ၊ တန်ချိန် ၂၀၀၀၀(DWT)ရှိ သင်္ဘောကြီးများဝင်၊ ထွက်ဆိုက်ကပ်နိုင်။
၃ ဆိပ်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၆ ခုရှိ။
၎ အဆင့်မြှင့်ရမည့် အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းကွန်ရက်၊ ရေအရင်းအမြစ်နှင့် ဖြန့်ဖြူးရေးကွန်ရက်များ၊ လျှပ်စစ်ဓာတ်အားကွန်ရက်၊ ရေဆိုးစွန့်ပစ်စနစ် စသည်တို့ပါဝင်သည့် ဧက ၅၀၀၀ ပါဝင်သည့် စီမံကိန်းဖြစ်
၅ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းရှင်များပေါ် မူတည်ပြီး မြေနေရာများ ဆက်လက်ဖော်ထုတ်သွားရန်ရှိ


ref:EMG

No comments:

Post a Comment