Wednesday 30 December 2015

ယာဉ်မတော်တဆမှုအတွင်း မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး သေဆုံး

မြောက်ကိုရီးယားအစိုးရ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးသည် ယာဉ်မတော်တဆမှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အစိုးရပိုင်သတင်းဌာနက ဖော်ပြသွားသည်။အသက် ၇၃ နှစ်ရှိ ကင်မ်ယန်ဂွန်သည် အာဏာရအလုပ်သမားပါတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး တောင်ကိုရီးယားနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲသည့် အရာရှိလည်း ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အဓိက မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။
ကင်မ်သည် ဩဂုတ်လအတွင်းက ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်ကိစ္စတွင် တောင်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးသည့် မြောက်ကိုရီးယားသံအဖွဲ့ကို ဦးဆောင်ပြီး တင်းမာမှုများ လျော့ကျအောင် လုပ်ဆောင်နိုင်ခဲ့သည်။
KCNAက ကင်မ်သေဆုံးသည့် သတင်းကိုဖော်ပြပြီး အလုပ်သမား ပါတီ၏ အရင်းနှီးအနီးကပ်ဆုံး ရဲဘော်ရဲဘက်တစ်ဦး၊ စစ်မှန်သည့် တော်လှန်ရေးသမားတစ်ဦးအဖြစ် ညွှန်းဆို ဂုဏ်ပြုခဲ့သည်။ မြောက်ကိုရီးယားအစိုးရသည် ကင်မ်ကို နိုင်ငံတော်ဈာပနာဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် သင်္ဂြိုဟ်သွားမည်ဟုလည်း သတင်းဌာနက ဖော်ပြသွားသည်။
Ref: Reuters

No comments:

Post a Comment