Wednesday 30 December 2015

နှစ်သစ်ကူးတွင် အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း ယုံကြည်ရသူနှစ်ဦးကို ဘယ်လ်ဂျီယံ ဖမ်းဆီး

နှစ်သစ်ကူးကာလတွင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ဘရပ်ဆဲလ် မြို့တော်တွင် နှစ်သစ်ကူးအကြိုည၌ အကြမ်းဖက်တိုက်ခိုက်ရန် ၎င်းတို့၌ အစီအစဉ်ရှိနေသည်ဟု ယုံကြည်ရကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ထိုသူနှစ်ဦးကို ဖမ်းဆီးရမိချိန်တွင် စစ်ဝတ်စုံများ၊ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့၏ ဝါဒဖြန့်ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့သော်လည်း စစ်လက်နက်နှင့် ဖောက်ခွဲရေးကိရိယာများ တွေ့ရှိခဲ့ခြင်းမူ မရှိချေ။
“ဘရပ်ဆဲလ်က အထင်ကရနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်လာဖို့ အကြီးအကျယ်ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ အထူးသဖြင့် နှစ်သစ်ကူးအကြိုပွဲတော်ညမှာ အကြမ်းဖက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်”ဟု အစိုးရ ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်မြို့အနီး လီဂီတွင် လူ ၆ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခေါ်ယူကာ စစ်ဆေးမေးမြန်းပြီးနောက် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ဘယ်လ်ဂျီယံသည် နိုဝင်ဘာ ၁၃ ရက်က အိမ်နီးချင်း ပြင်သစ်တွင် ဖြစ်ပွားသည့် ပါရီအကြမ်းဖက်မှုကြီး အပြီးကတည်းက လုံခြုံရေးကဏ္ဍကို နိုးနိုးကြားကြား တိုးမြှင့်ထားသည်။ အဆိုပါအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် အသေခံဗုံးသမားနှစ်ဦးသည် ဘယ်လ်ဂျီယံတွင် နေထိုင်ခဲ့ပြီး အခြားသော ကြံရာပါများသည်လည်း ဘယ်လ်ဂျီယံတွင် ခိုအောင်းနေသည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ယခုဖမ်းဆီးမှုများသည် ပါရီအကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်းမရှိကြောင်း အစိုးရရှေ့နေများက ပြောကြားသွားသည်။
Ref: Reuters

No comments:

Post a Comment