Wednesday 30 December 2015

ကမ္ဘာစစ်ကာလ လိင်ကျွန်အရေး တောင်ကိုရီးယားအပြင် အခြားနိုင်ငံများကိုပါ ဂျပန်တောင်းပန်ရန် ထိုင်ဝမ်တောင်းဆို

လိင်ကျွန်အရေး သဘောတူညီမှု မရရှိမီက ဂျပန်သံရုံးရှေ့တွင် ဆန္ဒပြနေသည့် တောင်ကိုရီးယား အမျိုးသမီးများ။
တောင်ကိုရီးယားအပြင် အခြားသောနိုင်ငံများမှ လိင်ကျွန်ဘဝရောက်ခဲ့သည့် အမျိုးသမီးများကိုပါ ဂျပန်အနေဖြင့် တောင်းပန်သင့်ကြောင်း ထိုင်ဝမ်အစိုးရက တောင်းဆိုလိုက်သည်။ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ဖက်ဆစ်စစ်သားများကို ဖျော်ဖြေအလုပ်အကျွေးပြုရန် လိင်ကျွန်အဖြစ် သိမ်းသွင်းခံရသည့် တောင်ကိုရီးယားအမျိုးသမီးများကို တောင်းပန်ရန်နှင့် အဆိုပါကိစ္စအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဂျပန်က တောင်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းသဘောတူခဲ့သည်။
အဆိုပါ ပြဿနာသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဂျပန်ဖက်က လိင်ကျွန်အမျိုးသမီးများ အသုံးပြုခဲ့ကြောင်း ကိစ္စကို ဝန်ခံဖူးသည့်တိုင် နစ်နာကြေးပေးအပ်ရန်နှင့် အလေးအနက်တောင်းပန်ရန် ရှောင်လွှဲနေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ဖက်ဆစ် စစ်သားများ သိမ်းပိုက်ခဲ့ရာ နိုင်ငံများအတွင်း အလားတူအခြေအနေများ ရှိနေသေးရာ သက်ဆိုင်ရာနိုင်ငံအားလုံးကို ဂျပန်က ပြန်တောင်းပန်သင့်ကြောင်း ထိုင်ဝမ်သမ္မတ မာယင်ဂျောင်က ပြောကြားခဲ့သည်။

“ဂျပန်အနေနဲ့ ထိခိုက်ခံစားခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပေးသင့်ပါတယ်”ဟု မာက ဆိုသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဒုတိယကမ္ဘာစစ်ကာလအတွင်းမှ လိင်ကျွန်များကိစ္စ သဘောတူညီမှုရရှိပြီး တစ်ရက်အကြာတွင် မာက ယခုလိုတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်စစ်သားများ၏ အသုံးချခံလိင်ကျေးကျွန်ဘဝရောက်ရှိသူ အမျိုးသမီးပေါင်း နှစ်သိန်းမျှရှိမည်ဟု ခန့်မှန်းရပြီး အများစုသည် ကိုရီးယားမှ ဖြစ်သည်။ သို့သော်လည်း တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်အမျိုးသမီးများလည်း အဆိုပါ စာရင်းတွင် ပါဝင်သည်။

မာက ယခုကိစ္စကို ဂျပန်နှင့် ချက်ချင်းဆွေးနွေးရန် လိုလားကြောင်းလည်း ဆိုသည်။ “လိင်ကျွန်ဘဝရောက်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရအနေနဲ့ ပိုပြီးအလေးထား ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ သူတို့ဘဝတွေ အဆင်ပြေစေရေးနဲ့ သိက္ခာရှိစေရေးတို့ အတွက်ပေါ့။ ကျွန်တော်တို့ရဲ့ သဘောထားကတော့ မပြောင်းလဲပါဘူး”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ သမိုင်းကြောင်းတွင် ရန်လိုရက်စက်ခဲ့သည့် ၎င်းတို့၏ သရုပ်မှန်ကို ဂျပန်အနေဖြင့် ရှောင်လွှဲ၍မရနိုင်ဟု သတိပေးခဲ့သည်။ “ဂျပန်ဖက်က ဘာလုပ်ပေးနိုင်မလဲ။ သူတို့ရဲ့စကားတွေ၊ လုပ်ငန်းစဉ်တွေက အစကနေအဆုံးထိ ပီပီပြင်ပြင် ဖြစ်မလား။ ကျွန်တော်တို့ စောင့်ကြည့်နေတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ လူကန်က ဆိုသည်။

ဂျပန်နှင့် တောင်ကိုရီးယားအစိုးရများ သဘောတူညီမှုအရ ဂျပန်သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် လိင်ကျွန်အမျိုးသမီးဟောင်းများကို နစ်နာကြေးပေးအပ်သွားမည်ဖြစ်ပြီး ယင်းကို တောင်ကိုရီးယားအစိုးရက စီစဉ်ကွပ်ကဲပေးရမည်ဖြစ်သည်။ ထို့အပြင် ဂျပန်ဝန်ကြီးချုပ်က အမျိုးသမီးတစ်ဦးချင်းစီကို တောင်းပန်ကြောင်းနှင့်
ဖြစ်ပျက်ခဲ့သမျှအတွက် ဂျပန်ကတာဝန်ခံကြောင်း ရေးသားထားသည့် စာကိုပါ နစ်နာကြေးနှင့်အတူ ပူးတွဲပေးပို့ရမည် ဖြစ်သည်။ ဂျပန်ဖက်က အဆိုပါ သဘောတူညီချက်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျှင် တောင်ကိုရီးယားက လိင်ကျွန်ကိစ္စနှင့် ပတ်သက်၍ ဂျပန်အပေါ် စွပ်စွဲတိုက်ခိုက်နေမှုများကို ပယ်ဖျက်ပေးရန်လည်း သဘောတူထားကြောင်း သိရသည်။

Ref: BBC

No comments:

Post a Comment