Monday 7 December 2015

ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဧကကျော်အား Natural World ကုမ္ပဏီိသို့ ငှားရမ်းမှုတွင် တစ်ဧကလျှင် တစ်လ ကျပ် ၀ ဒသမ ၀၃၅ သန်းသာ ရရှိ၍ နိုင်ငံတော်မှ နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြ

ပြည်သူ့ရင်ပြင်အတွင်း လာရောက် အပန်းဖြေသူများအား ဒီဇင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းလတ်)
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကအား Natural World ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်ဧကလျှင် တစ်လ ကျပ် ၀ ဒသမ ၀၃၅ သန်းသာ ရရှိသဖြင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။
ယင်းမြေ ၇၆ ဒသမ ၃၆ ဧကအား ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ တွင် စာချုပ်ချုပ်ဆို၍ နှစ် ၃၀ နှစ်ရှည် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းရှိ မြေကွက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်တွင် စတင်ငှားရမ်းစဉ်က တစ်ဧကလျှင် တစ်လအတွက် ကျပ် ၆ ဒသမ ၁ သန်း ရရှိသဖြင့် ယခု Natural World သို့ ငှားရမ်းထားသော မြေ ၇၆ ဒသမ ၃၆ ဧကဖြင့် တွက်ချက်ပါက တစ်လ ကျပ် ၄၆၃ ဒသမ ၁၂၃ သန်း၊ တစ်နှစ်လျှင် ကျပ် ၅၅၅၇ ဒသမ ၄၈၀ သန်း (ကျပ် ၅ ဒသမ ၅ ဘီလျံနီးပါး) ရရှိနိုင်သဖြင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ငှားရမ်းခနှုန်းထားများအား ကာလပေါက်ဈေးနှင့် ဆီလျော်သော နှုန်းထားများ ဖြစ်စေရန် ပြင်ဆင်နိုင်ခြင်း မရှိပါက နိုင်ငံတော်မှ နောင်နှစ်ပေါင်း ၂၁ နှစ်ကြာမြင့်မည့် ၂၀၃၆ ခုနှစ်အထိ နိုင်ငံတော်မှ ရသင့်ရထိုက်သော ငှားရမ်းခ များစွာ လျော့နည်းရရှိနေမည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

“တစ်နှစ်ကို ပြည်သူလူထုအတွက် ငွေကျပ် ၅ ဒသမ ၅ ဘီလျံ နစ်နာပါတယ်။ ဒီကိစ္စကို ဘယ်သူ တာဝန်ယူမလဲဆိုတာ သိလိုပါတယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

သို့ဖြစ်ရာ Natural World သို့ ငှားရမ်းထားသည့် စာချုပ်အား ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် စာချုပ်သစ် ပြန်လည်ချုပ်ဆိုရာတွင် ငှားရမ်းခနှုန်းထားအား ခေတ်ကာလနှင့် လျော်ညီစေရန် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။

အလားတူ ကန်တော်ကြီး အတွင်းရှိ ကရ၀ိက် ဥယျာဉ်ကမ္ဘာ၊ မျှော်စင်ကျွန်း အပါအ၀င် မြေ ၂၅ ဧကအား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ သာရရှိ၍ နိုင်ငံတော်အတွက် နစ်နာနေကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၃/၂၀၁၅) တွင် တင်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။

သို့ဖြစ်ရာ ကန်တော်ကြီး အတွင်းရှိ Dolphin စားသောက်ဆိုင်၏ တစ်နှစ်လုံးအတွက် မြေနေရာ ငှားရမ်းခမှာ မြေဧရိယာ ၁၂၀၄၀ စတုရန်းပေအတွက် ကျပ် ၁၂ သန်း ဖြစ်သဖြင့် မြေ ၂၅ ဧကဖြင့် တွက်ချက်မည်ဆိုပါက တစ်နှစ်လျှင် ကျပ် ၁၀၈၅ ဒသမ ၃၈၂ သန်း ရရှိမည် ဖြစ်သဖြင့် တစ်နှစ်အတွက် ကျပ် ၁၀၅၅ ဒသမ ၃၈၂ သန်း နိုင်ငံတော်အတွက် လျော့နည်းရရှိလျက် ရှိသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Writer: ကျော်ထင်
Eleven Media Group

No comments:

Post a Comment