Monday 7 December 2015

အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။
''အမျိုးသားရင်ကြားစေ့ရေးရှိတဲ့အတွက်ကြောင့်ရယ်၊ နောက်တခုက တိုင်းရင်းသားတွေကိုလည်း ဦးစားပေးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရကဏ္ဍအသီးသီးမှာ NLD ပါတီကတင်မကဘူး အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမယ့် တခြားပါတီက ပုဂ္ဂိုလ်တွေကို ထည့်သွင်းနေရာပေးဖို့ ရည် ရွယ်ထားတာပေါ့။ အဲဒီတော့ တကယ်တမ်း တရားဝင်ကြေညာတဲ့အခါမှာ သိမှာပေါ့''ဟု ဦးဝင်းထိန်က ဆိုသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင်ဖွဲ့စည်းတော့မည့် အစိုးရသစ်တွင် အနိုင်ရ NLD ပါတီမှ ရာနှုန်းပြည့်ပါဝင် မည်မဟုတ်ဘဲ ဒီမိုကရေစီအတွက် အထောက်အကူပြုမည့် တိုင်းရင်းသားများနှင့် အခြားပါတီမှပုဂ္ဂိုလ်များကိုပါ ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အရေးကြီးသည်မှာ ချောမွေ့စွာ အာဏာလွှဲပြောင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အဖြူအမည်း သဲကွဲသည့်အထိ သည်းခံပြီး စောင့်ဆိုင်းကြရန် လိုအပ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

''ချောမွေ့တဲ့ အာဏာအပြောင်းအလဲကိစ္စက အရေးကြီးတာပေါ့။ သမ္မတကတော့ ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါကတပိုင်း နောက်တပိုင်းက ရွေးကောက်ပွဲ ကော်မရှင်က မဲရုံကိုယ်စားလှယ်တွေ၊ မဲရုံမှူးတွေ တရားစွဲခံနေရတာ။ ဒါကအမျိုးသားရင်ကြားစေ့ရေးအတွက် အထောက် အကူမပြုဘူး။ ချောမွေ့တဲ့အပြောင်းအလဲအတွက်လည်း အထောက်အကူမပြုဘူး။ အဲ့ဒါတွေကို တွေ့သော်လည်းပဲ ပြည်သူလူထုအနေနဲ့တော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အဖြူအမည်းကွဲတဲ့အ ထိ သည်းခံပြီးတော့ စောင့်ဆိုင်းကြဖို့ အရေးကြီးတယ်''ဟု ၎င်းဆိုသည်။

အရေးကြီးကာလတခုဖြစ်သည့် အာဏာလွှဲပြောင်းမှုတွင်လည်း ၁၉၉၀ ပြည့်နှစ်ကဲ့သို့ဖြစ်မည်ကို စိုးရိမ်စိတ်လုံးဝ မရှိကြောင်း၊ ၁၉၉၀ ပြည့်နှစ် ပြည်သူများနှင့် ယခုပြည်သူများ နိုင်ငံရေးနိုးကြွမှု မတူသည့်အတွက်ကြောင့် များစွာကွာဟနေပြီးဖြစ်ကြောင်းနှင့် နောက်တချက်မှာ နိုင်ငံတကာ၏အနေအထားမှာ ဦးသိန်းစိန် အစိုးရမှ နိုင်ငံတကာနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့သည့်အတွက် နိုင်ငံတကာအနေအထားမှာလည်း လုံးဝမတူတော့သည့် အတွက် ၁၉၉၀ ပြည့်နှစ်ကဲ့သို့ အာဏာလွှဲပြောင်းရေးတွင် တိမ်းစောင်းမည်ကို စိုးရိမ်စိတ် လုံးဝ မရှိကြောင်း ဦးဝင်းထိန်က ပြောသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment