Monday 7 December 2015

အိန္ဒိယနိုင်ငံမှ လက်နက်ကိုင်အချို့ မြန်မာနိုင်ငံတွင်း ဥပဒေမဲ့ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့

အိန္ဒိယနိုင်ငံ၊ ချန်ဒရယ်ပြည်နယ်တွင်းမှ ကူကီးလက်နက်ကိုင် အဖွဲ့ဝင်အချို့သည် ဒီဇင်ဘာ၎ ရက်နေ့ နံနက် ၁၀း၀၀ နာရီခန့်က မြန်မာနိုင်ငံ၊ တမူးခရိုင်အတွင်း ဝင်ရောက်ကာ မြန်မာနိုင်ငံသား ခရီးသွား ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ယူနီဖောင်းဝတ် ကူကီးလက်နက်ကိုင်လေးဦးသည် တမူးမြို့အထက်ပိုင်း မင်းသာ ရွာနှင့် တုံးကျော်ရွာကြား မိုင်တိုင်အမှတ်၂၁-(၄/၅)အနီးတွင် မြန်မာနိုင်ငံသား ခရီးသွားနှစ်ဆယ်ဦးခန့်ကို လက်နက်ကိုင် ခြိမ်းခြောက်ကာ အိန္ဒိယနိုင်ငံ ပိုင်နက် အတွင်းဘက် ကိုက်နှစ်ဆယ်ခန့်အကွာသို့ ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တမူးမြို့ ဒေသခံတို့က ဆိုသည်။

“ဒီလိုလက်နက်ကိုင်ပြီး မြန်မာနိုင်ငံဘက်ကို ကျူးကျော်လာတဲ့အတွက် အိန္ဒိယနိုင်ငံ၊ ချန်ဒရာပြည်နယ်ကို ကန့်ကွက်လွှာပို့ဖို့ စီစဉ်နေပါတယ်။ ကန့်ကွက်လွှာပို့လို့မှ အဲဒီလိုဆက်ဖြစ်နေမယ် ဆိုရင်တော့ ဒါက စစ်တပ်ပိုင်းနဲ့ ဆိုင်မယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးဘက်ကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တရားဝင် ကန့်ကွက်လွှာ ပို့ပေးပါမယ်”ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောသည်။

ကူကီးလက်နက်ကိုင်အဖွဲ့၏ ရိုက်နှက်စစ်ဆေး မေးမြန်းခံရခြင်းကြောင့် တမူးမြို့၊ မြို့သစ်ရပ်ကွက်မှ အမျိုးသား တစ်ဦး၏ ယာဘက်နားထင်တွင် တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာရှိခဲ့ပြီး အဆိုပါအဖွဲ့က မြန်မာနိုင်ငံသားများကို မည်သည့်အတွက် ခေါ်ယူမေးမြန်းခြင်းတို့ကို စစ်ဆေးနေဆဲဖြစ်ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း အသေးစိတ်ကို ဆက်လက် စုံစမ်းဖော်ထုတ်နေကြတုန်း ရှိပါသေးတယ်။ အမှုမဖွင့် ရသေးပါဘူး။ မေးမြန်းခံရတဲ့အထဲမှာ မြို့သစ်ရပ်ကွက်က အမျိုးသားတစ်ဦးကတော့ ယာဘက်နားထင်မှာ ပေါက်ပြဲဒဏ်ရာ ရရှိပါတယ်”ဟု တမူးခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး တင့်ဝေက ပြောသည်။

အိန္ဒိယနိုင်ငံတွင် အခြေစိုက်သည့် အစိုးရလက်နက်ကိုင်အဖွဲ့ မဟုတ်သည့် လက်နက် ကိုင် အဖွဲ့ဝင်များသည် တမူးမြို့နယ် အနီးတစ်ဝိုက်တွင်းသို့ မကြာခဏ ဝင်ရောက်ပြီး ဥပဒေမဲ့ပြုမူလေ့ရှိကြောင်း တမူးမြို့ဒေသခံများထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment