Monday 7 December 2015

အိုင်အက်စ်တို့ကို တိုက်ရာတွင် ခြေလျင်တပ်များ လုံးဝ စေလွှတ်မည်မဟုတ်ဟု NATO ပြောကြား

NATO အထွေထွေ အတွင်းရေးမှူး ယန်စ် စတိုလန်ဘက်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ဆီးရီးယားသို့ ခြေလျင်တပ်များ စေလွှတ်ရန် လုံးဝ အစီအစဉ်မရှိကြောင်း NATO မဟာမိတ် တပ်ဖွဲ့က ငြင်းချက်ထုတ်သွားခဲ့သည်။
ဆီးရီးယား၏ ပြည်တွင်းရေးမှာ အလွန်ရှုပ်ထွေးပြီး ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့များကသာ အခြေအနေကို လက်တွေ့ ဖြေရှင်းနိုင်မည်ဟု NATO အထွေထွေ အတွင်းရေးမှူး ယန်စ်စတိုလန်ဘက်က ပြောကြားခဲ့သည်။

ဆွစ်ဇာလန် သတင်းစာ Teges-Anzeigerနှင့် အင်တာဗျူးတွင် စတိုလန်ဘက်က “ဆီးရီးယား ပြည်တွင်းရေးဟာ NATOရဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကိုသာ NATOက တိုက်ခိုက်
နေတာ ဖြစ်ပါတယ်”ဟု ဆိုသည်။ ၎င်းက လက်ရှိ လေကြောင်းတိုက်ခိုက်မှုများသည် အိုင်အက်စ်၏ စစ်အင်အားကို ဖြိုခွင်းရာတွင် လုံလောက်မှု ရှိကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။

“အမေရိကန် ပြည်ထောင်စုက အိုင်အက်စ်တွေကို စစ်ဆင်တိုက်ခိုက်ရာမှာ ရှေ့တန်းစစ်မျက်နှာအတွက် အထူးတပ်ဖွဲ့တွေကို အကန့်အသတ်နဲ့ သုံးပါတယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်က ဒေသခံ တပ်ဖွဲ့တွေကို ပိုတောင့်တင်း အားကောင်းလာအောင် ကူညီလေ့ကျင့်ပေးဖို့ပါ။ မြေပြင်တပ်တွေ မလွှတ်ဖို့ ဆုံးဖြတ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာက ဒီတစ်ခုပဲ ရှိတယ်”ဟုလည်း စတိုလန်ဘက်က ပြောကြားသွားသည်။

၎င်းက အိုင်အက်စ်တို့ကို တိုက်ခိုက်နေခြင်းသည် အနောက်အုပ်စုနှင့် အစ္စလာမ်မစ် ကမ္ဘာကြား ပဋိပက္ခ တစ်ခုအဖြစ် မယူဆဘဲ အစွန်းရောက် ဝါဒီများကို ချေမှုန်းနေခြင်းသာ ဖြစ်ကြောင်းလည်း အခိုင်အမာ ဆိုသည်။

“တကယ်တော့ ရှေ့တန်းစစ်မြေပြင်မှာ ကြားညပ်နေတာ မွတ်ဆလင်တွေပဲ။ အသေအပျောက် အများဆုံးက မွတ်ဆလင်တွေပါပဲ။ ပြီးတော့ အိုင်အက်စ်ကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေတာလည်း မွတ်ဆလင်တွေပဲ ဖြစ်ပါတယ်။ သူတို့ ဝန်ပိစေမယ့် ရုန်းကန်မှုမျိုး ကျွန်တော်တို့ ဖန်တီးမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။

Ref: CNA
7Day Daily

No comments:

Post a Comment