Tuesday 8 September 2015

အလုပ်ခန့်ထားမှု စာချုပ်မချုပ်ပါက အလုပ်ရှင်နှင့် အလုပ်သမားများကို အရေးယူမည်

အလုပ်ခန့်ထားမှု သဘောတူစာချုပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချုပ်ဆိုခြင်း မရှိသည့် အလုပ်ရှင်နှင့် အလုပ်သမားများကို စစ်ဆေးကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

အဆိုပါစာချုပ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ချုပ်ဆိုရန် တရားဝင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပြီး ယင်းကာလ ကျော်လွန်သည်အထိ စာချုပ်မချုပ်ဆိုပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စာချုပ်တွင် ထည့်သွင်းရမည့် အချက်အလက်များ ပါဝင်သည့် စာချုပ်ပုံစံကိုလည်း ထုတ်ပြန်ထားပြီး ယင်းစာချုပ်အတိုင်း ချုပ်ဆိုရမည်ဖြစ်ကြောင်း ဦးထင်အောင်က ပြောဆိုသည်။ “အလုပ်ရှင်လည်း ပြင်လို့မရဘူး။ အလုပ်သမားလည်း ပြင်လို့မရဘူး။ စာချုပ်ကို လုံးဝပြင်လို့ မရဘူး။ ပြင်ရင်တရားစွဲ မယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း ယင်းစာချုပ်တွင် ထပ်မံဖြည့်စွက်လိုသည့် အချက်များရှိပါက အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းပြီး အစိုးရက ထုတ်ပြန်ထားသည့် စာချုပ်ပုံစံနှင့် မဆန့်ကျင်ပါက ယင်းစာချုပ်၏ နောက်တွင် ဖြည့်စွက်နိုင်ကြောင်း ဦးထင်အောင်က ဆိုသည်။ “အလုပ်ရှင်က မချုပ်ဘူးဆိုရင် အလုပ်ရှင်ကို အရေးယူမယ်။ အလုပ်ရှင်က ချုပ်ချင်ပေမယ့် အလုပ်သမားက မချုပ်ရင်လည်း အလုပ်သမားလည်း အရေးယူမယ်” ဟု ၎င်းက ရှင်းပြသည်။

အလုပ်ခန့်ထားမှု သဘောတူစာချုပ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ချုပ်ဆိုရခြင်း ဖြစ်သည်။ ယင်းဥပဒေ အခန်း (၃) ပုဒ်မ ၅ တွင် အလုပ်သမားတစ်ဦးကို အလုပ်ခန့်ထားပြီးပါက ရက်ပေါင်း သုံးဆယ်အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုရမည်ဟု ဖော်ပြထားသည်။ ရက်ပေါင်းသုံးဆယ်အတွင်း စာချုပ်မချုပ်ဆိုကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၃၈ တွင် ဖော်ပြထားသည်။ 

စာချုပ်တွင် အလုပ်အကိုင် အမျိုးအစား၊ လုပ်ခ၊ လစာ၊ စာချုပ်သက်တမ်း၊ အလုပ်ချိန်၊ နားရက်၊ အလုပ်ပိတ်ရက်၊ ခွင့်၊ အချိန်ပို၊ အစမ်းခန့်ကာလ၊ အလုပ်ချိန်အတွင်း အစားအသောက် အစီအစဉ်၊ နေရာထိုင်ခင်း၊ ဆေးဝါးကုသခြင်း၊ အလုပ်ခွင့်သို့ ကြို/ပို့ ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊ အလုပ်သမား လိုက်နာရမည့် စည်းကမ်းချက်များ၊ အလုပ်ရှင် စေလွှတ်သည့် သင်တန်းတက်ရောက်ပါက ယင်းသင်တန်း တက်ရောက်ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလသတ်မှတ်ချက်၊ အလုပ်မှ နုတ်ထွက်ခြင်းနှင့် အလုပ်ရပ်စဲခြင်း၊ စာချုပ်ရပ်စဲခြင်း၊ စာချုပ်ပါ စည်းကမ်းအတိုင်း တာဝန်ရှိမှုများ၊ အလုပ်ခန့်ထားမှု သဘောတူစာချုပ်အား နှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း စသည့်အချက်များ ပါဝင်ရမည်ဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော်လည်း နည်းဥပဒေ ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော်လည်း ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး သုံးလပြည့်မြောက် သည့် နေ့မှ စတင်၍ အာဏာတည်စေရမည် ဖြစ်ကြောင်း ယင်းဥပဒေ၏ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည်။

The Voice Weekly 

No comments:

Post a Comment