Tuesday 8 September 2015

ကမ္ဘောဒီးယားရောက် ရိုဟင်ဂျာ ဒုက္ခသည် မြန်မာပြည် ပြန်လို

သြစတြေးလျက လွှဲပြောင်းပေးလိုက်တဲ့ ဒုက္ခသည်လေးဦး ကမ္ဘောာဒီးယားနိုင်ငံ၊ ဖနွမ်းပင်လေဆိပ်ကို ရောက်ရှိလာစဉ်။ (ဇွန် ၄၊ ၂၀၁၅)
သြစတေးလျနိုင်ငံကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့ထားရှိရေး နှစ်နိုင်ငံအကြားရရှိထားတဲ့ အငြင်းပွားဖွယ် သဘောတူညီချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ အခြေချနေထိုင်ဖို့ လွန်ခဲ့တဲ့ ၃ လလောက်က ရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးဟာ အခု မြန်မာနိုင်ငံကို ပြန်သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ကမ္ဘောဒီးယားအရာရှိတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ကမ္ဘောဒီးယားဌာနရဲ့သတင်းပေးပို့ချက်အပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပစိဖိတ်ကျွန်းနိုင်ငံ Nauru ပေါ်မှာရှိနေတဲ့ သြစတေးလျကဖွင့်ထားတဲ့ ဒုက္ခသည်စခန်းကနေ သူတို့သဘောလျှောက် ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက် အခြေချနေထိုင်ဖို့ သဘောတူခဲ့တဲ့ ဒုက္ခသည် ၄ ဦးထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတစ်ဦးလည်းပါဝင်တာ ဖြစ်ပါတယ်။ သူတို့ဟာ ဇွန်လ စောစောပိုင်းတုန်းက ဖနွမ်းပင်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီ ရိုဟင်ဂျာဒုက္ခသည်ဟာ မြန်မာနိုင်ငံကို ပြန်နိုင်ရေးအတွက် ကမ္ဘောဒီးယားမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့တယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ဒုက္ခသည်ရေးရာ အကြီးအကဲ Kem Sarin က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာသံရုံးဘက်က သဘောထားထုတ်ပြန်ရင် သူတို့ဘက်က ထွက်ခွာခွင့်ပြုမယ်လို့ Kem Sarin က ပြောပါတယ်။

“မြန်မာသံရုံးက တရားဝင် သဘောထားထုတ်ပြန်ရင် ကမ္ဘောဒီးယားအစိုးရက ထွက်ခွာခွင့်ဗီဇာ ထုတ်ပေးလိုက်မှာပါ။ အဲဒီအချိန်ကျရင် ဒုက္ခသည်အနေနဲ့ သူ့ရဲ့ မူရင်းတိုင်းပြည်ကို ပြန်သွားနိုင်မှာ ဖြစ်ပါတယ်။”

ဒီဒုက္ခသည်ရဲ့ဆုံးဖြတ်ချက်ကြောင့် တောင်ပစိဖိတ်အတွင်းက Nauru ကျွန်းနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြန်လည် အခြေချနေထိုင်ခွင့်ပြုရေး သြစတေးလျနဲ့ ရရှိထားတဲ့ သဘောတူညီချက် ပျက်ပြယ်သွားမှာမဟုတ်ဘူးလို့ Kem Sarin က ပြောပါတယ်။

သူ့အနေနဲ့ ဘာကြောင့် မြန်မာပြည်ကို ပြန်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအတွင်း အာဏာပိုင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုကို ခံနေရတယ်ဆိုတဲ့ရိုဟင်ဂျာတွေကို မြန်မာအစိုးရကတော့ ဘင်္ဂါလီလို့ ရည်ညွန်း ခ်ါဆိုပါတယ်။

IOM - နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kristin Dadey ကလည်း ဒုက္ခသည်ရဲ့အတွင်းရေးတွေ ပေါက်ကြားသွားမှာစိုးတဲ့အတွက်ကြောင့် သူဘာကြောင့် ပြန်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကို ထုတ်ဖော် ပြောဆိုဖို့ ငြင်းပယ်ခဲ့ပါတယ်။

သြစတေးလျနဲ့ ကမ္ဘောဒီးယားအကြား ရရှိထားတဲ့ သဘောတူညီမှုကို လက်ခံခဲ့တဲ့ ဒုက္ခသည် ၆၇၇ ဦးအတွက် ၄ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို နောက်ထပ် ဒုက္ခသည်ဘယ်နှစ်ဦး ပို့မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နိုင်ငံတကာ ခိုလှုံခွင့်လျှောက်ထားရေးဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်တဲ့ သဘောတူညီချက်လို့ ဝေဖန်ပြောဆိုနေကြတဲ့ အဲဒီ သဘောတူညီချက်အရ ကမ္ဘောဒီးယားအနေနဲ့ ဒုက္ခသည်တွေကို လက်ခံခြင်းအားဖြင့် သြစတေးလျအစိုးရထံကနေ သြစတေးလျ ဒေါ်လာ သန်း ၄၀ အကူအညီရမှာဖြစ်ပါတယ်။

နောက်ထပ် ဒုက္ခသည်တွေ ထပ်မရောက်တော့ဘူးလို့ ကမ္ဘောဒီးယားအရာရှိတွေက ပြောနေပေမယ့် သြစတေးလျအစိုးရကတော့ သဘောတူညီချက်ဟာ အသက်ဝင်နေတုန်းပဲလို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေကြတဲ့ အီရန်နိုင်ငံသား တခြား ဒုက္ခသည် ၃ ဦးကတော့ ပြန်ချင်တယ်ဆိုတဲ့ ပြောဆိုမှုမျိုး မရှိသေးပါဘူး။

အဲဒီ အငြင်းပွားဖွယ် သဘောတူညီချက်အရ - ဒုက္ခသည်တွေ ပြန်လည် အခြေချနေထိုင်ရေးအတွက် သြစတေးလျအစိုးရက တနှစ်စာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ Nauru ကျွန်းကနေ ကမ္ဘောဒီးယားကို ပြောင်းရွေ့ အခြေချနေထိုင်ဖို့ သဘောတူတဲ့သူတွေအနေနဲ့ ဒေါ်လာ တသောင်းအပြင် အသက်မွေးဝမ်းကျောင်းသင်တန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိမှာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်က မြန်မာနိုင်ငံကို ပြန်လိုကြောင်း အခုလို ပြောကြားလိုက်တာဟာ - မူလကတည်းက အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စီးပွားရေးပြဿနာတွေရှိနေပြီးသား ကမ္ဘောဒီးယားနိုင်ငံမှာ ရွှေ့ပြောင်း အခြေချနေထိုင်လိုကြတဲ့ တခြားဒုက္ခသည်တွေကို သတင်းပါးလိုက်တာပဲလို့ Licadho လူ့အခွင့်အရေးအဖွဲ့က နည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူး Am Sam Ath က ပြောပါတယ်။

“တခြားနိုင်ငံက ဒုက္ခသည်တွေကို လက်မခံခင် အရင်ဆုံး အဲဒီ လိုအပ်နေတဲ့အချက်တွေ ကောင်းမွန်လာအောင် ကျနောတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ငွေက အဓိကအကျဆုံးဆိုပြီး ကျနော်တို့ မကြည့်သင့်ပါဘူး။ သူတို့တွေရဲ့ ဘဝနဲ့ အခွင့်အရေးတွေကို အသေအချာ ကျကျနန လုပ်မပေးနိုင်ဘဲနဲ့ ဒုက္ခသည်တွေကို လက်မခံသင့်ပါဘူး။”

Nauru ကျွန်းမှာ ဒုက္ခသည်ပေါင်း တထောင်နီးပါး ရှိနေတယ်လို့ ခန့်မှန်းထားကြတာဖြစ်ပြီး နောက်ထပ် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာလည်း သြစတေးလျအစိုးရနဲ့ ရရှိထားတဲ့ သဘောတူညီချက်အရ Papua New Guinea နိုင်ငံ ၊ Manus ကျွန်းပေါ်က ထိန်းသိမ်းရေး စခန်းထဲမှာ ရှိနေကြပါတယ်။ အဲဒီ ဒုက္ခသည်အများစုဟာ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။

လှေစီးပြေး ဒုက္ခသည်တွေ သြစတေးလျနိုင်ငံမှာ လာရောက် ခိုလှုံတာကို ဟန့်တားဖို့ ရည်ရွယ်တဲ့အနေနဲ့ ဒီ ဒုက္ခသည်တွေ ပြန်လည် နေရာ ချထားပေးရေး အစီအစဉ်ကို လပေါင်းများစွာ လျှို့ဝှက် ဆွေးနွေးခဲ့ကြပြီးမှ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သဘောတူညီချက်ရရှိခဲ့တာဖြစ်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းအသင်းအဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း အဲဒီ သဘောတူညီချက်ကို ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

ဒီ သဘောတူညီချက်ဟာ သြစတေးလျရော၊ ကမ္ဘောဒီးယားပါ လက်မှတ်ထိုးထားကြတဲ့ ဒုက္ခသည်ဆိုင်ရာ ပဋိဉာဉ်စာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment