Tuesday 8 September 2015

သူရဦးရွှေမန်းကို ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း NLD ဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ကူးပြောင်းလာမည်ဆိုပါက ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် NLD ပါတီ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး The Voice နှင့် တွေ့ဆုံမေးမြန်းရာတွင် ကြံ့ခိုင်ရေးပါတီတွင်း အပြောင်းအလဲများနှင့် ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ ပါတီရဲ့ အဖွဲ့ဝင်အဖြစ်တော့ ကျွန်တော်တို့ အားလုံးကို ဖွင့်ထားတယ်၊ ကျန်တဲ့ဟာတွေကိုတော့ မပြောချင်ဘူး၊ Member (အဖွဲ့ဝင်) အဖြစ်ကတော့ လက်ခံနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း သူရဦးရွှေမန်းကို NLD ပါတီက တင်မြှောက်မည့် သမ္မတလောင်းအဖြစ် လက်ခံမည် ဆိုပါက ပါတီအတွင်း ပြဿနာများစွာ ရှိနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူပြီးချိန်မှ စတင်ကာ လွှတ်တော်အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများ ရှိသော်လည်း တွေ့ဆုံပွဲရလဒ်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

ယင်းနောက် လွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သား မဲဆန္ဒရှင်များကို အသိပေးရှင်းလင်းမှု မရှိခြင်း၊ တပ်မတော်သားများကို ထိခိုက်ပြောဆိုခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းတို့ကြောင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် သူရဦးရွှေမန်း ရွေးကောက်ခံခဲ့သော ဇေယျာသီရိ မဲဆန္ဒနယ်မှ တပ်မတော်သား မဲဆန္ဒရှင်များက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် စာပေးပို့ တောင်းဆိုခဲ့သည်။ 

သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးချိန်တွင် ယင်းသို့ လုပ်ဆောင်ခြင်းသည် ဥပဒေအရ အရေးယူခြင်းထက် သူရဦးရွှေမန်းကို တပ်မတော်က ထောက်ခံခြင်း မရှိတော့သည်ကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုခဲ့သည်။

ယင်းနောက် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း BBC သတင်းဌာနနှင့် အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်ဖက် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများက တစ်ဖက် ဖြစ်ကြောင်း သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသို့ ပြောဆိုပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ သူရဦးရွှေမန်း အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် အချို့ကို မူလရာထူးများမှ ဖယ်ရှားခဲ့ပြီး ဦးဌေးဦးသည် ပါတီပူးတွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း သူရဦးရွှေမန်းကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။

ယင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရပြီးနောက် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲ အကြောင်းအရာများကို နှစ်ဖက်ကာယကံရှင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

The Voice Weekly 

No comments:

Post a Comment