Tuesday 8 September 2015

မွေးကင်းစကလေး မြေမြှုပ်စွန့်ပစ်မှု သံသယရှိသူ အမျိုးသမီးတစ်ဦးကို ခေါ်စစ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင်ကျေးရွာအုပ်စု တောင်ငယ်လုံး ချောင်းအနီး သဲပြင်တွင် မွေးကင်းစ ကလေးတစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်စွန့်ပစ်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၆ ရက်နေ့တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စစ်ဆေးခံနေရသူမှာ ယင်းကျေးရွာအုပ်စု သံဇလုံကျေးရွာတွင် နေထိုင်သူ အမျိုးသမီးဖြစ်ပြီး လတ်တလောတွင် စုံစမ်းနေဆဲသာဖြစ်ကြောင်း ကလေးမိခင်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲခန့်က တောင်ငယ်လုံ ချောင်းအနီးရှိ သဲပြင်တွင် မွေးကင်းစ ယောက်ျားလေးတစ်ဦး ခန္ဓာကိုယ်အောက်ပိုင်းကို မြေကြီးများနှင့် မြှုပ်ထားပြီး ၎င်း၏ လည်ပင်းနှင့် ဦးခေါင်းပိုင်းတွင် သွေးများ ရွဲစိုနေသည်ကို တွေ့ခဲ့ရသဖြင့် ဆိပ်ဖြူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှု ခံယူခဲ့ရကြောင်း ကိုးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ကလေးရဲ့ကျန်းမာရေးက ကောင်းနေပါတယ်၊ ခန္ဓာကိုယ်မှာ အကောင်ကိုက်ထားတဲ့ ပုံစံအနီကွက်တွေ ရှိတယ်။ ရန်ကုန်ကလေးဆေးရုံကို ပို့ပြီးစစ်ဆေးမှုတွေ ပြုလုပ်ချင်လို့ သက်ဆိုင်ရာတွေဆီကနေ ခွင့်ပြုချက် တောင်းနေပါတယ်” ဟု ဆိပ်ဖြူမြို့နယ် ဓမ္မအလင်း တရားအလှူတော်လုပ်ငန်း လူငယ်များ ကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စွန့်ပစ်ခံရသော ကလေးကို ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိရေးနှင့် ရန်ကုန်သို့ ပို့ဆောင်ကုသ စစ်ဆေးနိုင်ရေးအတွက် ဆိပ်ဖြူမြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူး ကော်မတီအဖွဲ့နှင့် ဓမ္မအလင်း တရားအလှူတော်လုပ်ငန်း လူငယ်များ ကော်မတီအဖွဲ့တို့ ပူးပေါင်းကာ ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ ခွင့်ပြုချက်တင်ထားကြောင်း၊ အဆိုပါကလေးနှင့် ပတ်သက်၍ ဆက်သွယ်လှူဒါန်းလိုပါက ဖုန်း ၀၉-၇၈၀၆၈၇၄၈၃ ထံ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

မွေးကင်းစ ကလေးငယ် စွန့်ပစ်ခံရမှုကို ဆိပ်ဖြူမြို့မ ရဲခစန်းက (ပ) ၆၂/၁၅၊ ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment