Tuesday 8 September 2015

ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်မတိုင်မီ မဲဆွယ်စည်းရုံးမှုနှင့် ကော်မရှင်သို့ တိုင်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်မတိုင်မီ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ နေပြည်တော်ကောင်စီ (မန္တလေး) မဲဆန္ဒနယ် အမှတ် (၁၀) မှ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း ဇမ္မူသီရိမြို့နယ် ကော်မရှင်ရုံးခွဲမှ ဥက္ကဋ္ဌ ဦးအောင်ထက်ကျော်က ပြောကြားသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မိတ္တူပို့ထားတာပါ။ အရေးယူရင်လည်း ကော်မရှင်က လုပ်မှာပါ” ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီဝင် ၃၀၀ ခန့်သည် နေပြည်တော်ကောင်စီရှိ ဒက္ခိဏခရိုင်အတွင်းမှ မြို့နယ်များတွင် NLD ပါတီကို မဲပေးရန် လက်ကမ်းစာစောင်များ၊ ပြောဆိုခဲ့ခြင်းများ ရှိသောကြောင့် အရေးယူပေးရန် တိုင်ကြားခြင်း ဖြစ်ကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

ယင်းအပြင် ညောင်ကုန်းကျေးရွာ၊ သပြေကုန်းနှင့် ရွှေခဲအင်းကျေးရွာတို့တွင် “ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဟူသော လက်ကမ်းစာစောင်များကို ပါတီဝင်များမှ ဖြန့်ဝေခဲ့ကြောင်း ယင်းစာတွင် ရေးသားထားသည်။

ယင်းတိုင်ကြားချက်နှင့် ပတ်သက်၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ဝင်းထံ The Voice က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်စားလှယ်လောင်းတစ်ဦး တစ်ယောက်အတွက် မဲဆွယ်ခြင်း မဟုတ်ဘဲ နိုင်ငံရေးပါတီအတွက် စည်းရုံးဟောပြောခြင်း ဖြစ်သောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် ဥပဒေ၊ နည်းဥပဒေများနှင့် ငြိစွန်းမှု မရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆိုသည်။

“အဲဒါကော်မရှင်က ပြောထားပြီးသားလေ၊ ပါတီအတွက် မဲဆွယ်တာက လုပ်လို့ရတယ် ဆိုတာ၊ အဲဒီတိုင်တဲ့လူက နားမလည် ပါးမလည်နဲ့ လျှောက်လုပ်တာပါ၊ ဘာမှဖြေရှင်းနေစရာ မလိုဘူး” ဟု ၎င်းက ဆိုသည်။

ဦးကျော်ဝင်းသည် ဒက္ခိဏမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရန် တိုက်တွန်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒက္ခိဏမြို့နယ်တွင် ဝင်ရောင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက စက်တင်ဘာ ၆ ရက်က ဒက္ခိဏမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားချက်သည် ရဲအရေးပိုင်ကိစ္စ မဟုတ်ဟုဆိုကာ ပယ်ချထားကြောင်း ဒက္ခဏမြို့နယ် ရဲစန်းမှ ဒုရဲမှူးစိုးဝင်းက စက်တင်ဘာ ၇ ရက်က The Voice သို့ ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment