Wednesday 5 August 2015

ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဇနီးဒေါ်မြရီ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဇနီးဒေါ်မြရီတို့ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည် ဖြစ်ကြောင်း ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖောင်ဒေးရှင်းအမည်ကို ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းအဖြစ် အမည် ပေးထားကြောင်း ၎င်းကဆိုသည်။

ဦးနုနှင့် ဒေါ်မြရီဖောင်ဒေးရှင်း စတင်တည်ထောင်ခြင်း သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။
“ကျွန်မအဲဒါကို စတင်လုပ်ကိုင်ချင်တာ ကြာလှပါပြီ။ နှစ်ပေါင်းသုံးဆယ် တောင်မကတော့ဘူး ထင်တာ။ အတော်လေး ကြာလှပါပြီ။ ကျွန်မမှာ ငွေမရှိတော့ မလုပ်နိုင်ခဲ့တာပါ။ အခုမှ လုပ်ဖြစ်တယ်ဆို ပါတော့။ အလှူရှင်တွေက အခုထိတော့ မရှိသေးပါဘူး၊ ကျွန်မတစ်ယောက်တည်း စတင် ထူထောင်တာပါ” ဟု ၎င်းက ပြောကြားသည်။

ဦးနုနှင့် ဒေါ်မြရီဖောင်းဒေးရှင်း အနေနှင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ များတွင် ထောက်ပံ့ကူညီသွားမည် ဖြစ်ပြီး မတည်ငွေ ကျပ်သိန်းတစ်ရာခန့်ဖြင့် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဖောင်ဒေးရှင်းထောင်ဖို့ အဖေဆီက အမွေရခဲ့တဲ့ နေအိမ်ခြံမြေနေရာ အချို့ ခွဲရောင်းခဲ့ရတယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စာရေးဆရာဦးနုကို ၁၉၀၇ ခု၊ မေလ ၂၅ ရက်၊ စနေနေ့နံနက် ၈ နာရီ ၃၉ မိနစ်၊ ၁၂ စက္ကန့်တွင် ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့ ၌ အဖဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။

ဦးနုသည် ၁၉၃၅ ခုတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။ 

ယင်းနှစ်အတွင်းတွင် ဘီအယ်လ် (ဥပဒေဝိဇ္ဇာဘွဲ့) ရရှိခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံ ပေါ်ထွန်းလာခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံတော် ဝန်ကြီးချုပ်ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဝန်ကြီးချုပ်ဦးနုရေးသားသော ဗမာ့သတ္တိ၊ လူပေါ်လူဇော်လုပ်နည်း (ပ၊ ဒုတွဲ)၊ (နောင်တွင် အဆိုပါ စာအုပ်ကို ‘မိတ္တဗလဋီကာ’ အမည်သစ်သို့ ပြောင်း၍ ထုတ်ဝေရာ၊ ကျောင်းသုံးစာအုပ် အဖြစ် ပြဋ္ဌာန်းခံရသည်။)၊ ငါးနှစ်ရာသီ ဗမာပြည်၊ ငရဲဆိုတာ ချိုနဲ့လားကွယ် စသည့် စာအုပ်များမှာ ထင်ရှားသည်။

၁၉၉၅ ခု ဖေဖော်ဝါရီလ ၁၄ ရက် အင်္ဂါနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုသည် အသက် ၈၈နှစ်အရွယ်တွင် ၉၆ ပါးရောဂါဖြင့် အမှတ် (၄၂) ပြည်ထောင်စုလမ်းသွယ် ဆရာစံလမ်းမကြီး၊ ဗဟန်းမြို့နယ် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် သားသမီးများ ဖြစ်သည့် ဒေါ်စန်းစန်းနု (ဦးသက်တင်)၊ ဦးအောင်ရဲမြင့်၊ ဒေါ်မြမြအေး၊ ဦးသောင်းထိုက်၊ ဒေါက်တာ မေသဇင်သန်းထိုက်၊ ဦးအောင်၊ ဒေါ်စန်းစန်းနွဲ့၊ ဦးအောင်ငြိမ်း၊ ဒေါ်သန်းသန်းနု၊ ဒေါက်တာခင်အေးသက်တင်(ခ) ဒေါ်ခင်အေးနုတို့ ကျန်ရစ်ခဲ့သည်။

ဦးနု၏ဇနီး ဒေါ်မြရီသည် ၁၉၉၃ ခု၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဦးနု၏ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုသာန်၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ ကြံတောသုသာန် ဖျက်သိမ်းလိုက် သောကြောင့် ဦးနု၏ ဂူသချိုင်းကို မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေး သုသာန်သို့ ဇနီးဖြစ်သူ ဂူသချိုင်းနှင့်အတူ ပြောင်းရွှေ့ ဂူသွင်းထားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment