Wednesday 5 August 2015

ရေဘေးဒေသများကို ကူညီရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အာရှလမ်းမကြီး တွင် အလှူငွေကောက်မည်

အာရှလမ်းမကြီးတွင် အလှူငွေကောက်ခံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ− ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့) 
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများကို ကူညီရန် အာရှလမ်းမကြီးပေါ်တွင် အလှူငွေ ကောက်ခံနေကြောင်း သတင်းရရှိသည်။

သြဂုတ် ၄ ရက်မှ စတင်ကာ အာရှလမ်းမကြီး၊ မြဝတီ-ကော့ ကရိတ် လမ်းပိုင်း၊ သင်္ကန်းညီ နောင်ဂိတ်တွင် ဒေသတွင်းပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ရေဘေးအတွက် အလှူခံနေသည် ဟုကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

အာရှလမ်းမကြီး အသုံးပြု သည့် ယာဉ်များကို ငွေကြေး ကောက်ခံသောကြောင့် ဇူလိုင် လဆန်းမှစကာ အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ယခုအခါ မည်သည့် အဖွဲ့ကမှ ငွေကြေးကောက်ခံခြင်း မရှိတော့ကြောင်းဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

‘‘အရင်က ဒီလမ်းပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ ပိုက်ဆံ ကောက်ကြလို့ ပြဿနာ တက် ထားတယ်။ ဒါကို ကြိုတွေးထား တယ်။ ဒါကြောင့် အလှူငွေ ကောက်တဲ့ ကိစ္စကို ဒေသတွင်း ပရဟိတအဖွဲ့တွေက လုပ်မယ်။ စာရင်းဇယားသူတို့ပဲ အစအဆုံး ကိုင်မယ်။ ကိုယ်တို့က စောင့်နေ ပေးရုံပဲ။ ရေဘေးကယ်ဆယ်ရေး တွေပြီးတာနဲ့ အလှူခံတာ ရပ် မယ်’’ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းပြည်နယ်၌ ရေဘေးဆိုးရွားစွာ ရင်ဆိုင်နေရပြီး မွန်၊ ကရင်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်ထားရသည်အထိ ရေဘေးအန္တရာယ်ရင်ဆိုင်နေရသည်။

7Day Daily 

No comments:

Post a Comment