Wednesday 5 August 2015

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအဖွင့်၌ ပြောကြား

မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်၌ ပြောကြားခဲ့သည်။

၄၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဒေသတွင်းဖိုရမ်၏ ဆက်စပ်အစည်းအဝေးအဖြစ် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သြဂုတ် ၅ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနှင့် အမေရိကန်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့က အဖွင့်စကား အသီးသီး ပြောကြားခဲ့သည်။

ဂျွန်ကယ်ရီက အဖွင့်စကား ပြောကြားရာတွင် အာဆီယံနှင့် ဆက်စပ်အကြောင်းအရာကို မပြောကြားခင် မြန်မာရေဘေးကိစ္စကို ဦးစွာပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပြောကြားမှု၌ ရေဘေးဒုက္ခအပေါ် စာနာမှု ရှိကြောင်းနှင့် လိုအပ်သော အကူအညီများကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှတဆင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် ရေဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးက အရေးပါပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း စသည့်အချက်များ ပါဝင်ခဲ့သည်။

အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ အနေအထားသည် ယခင်နှစ်များနှင့် မတူသော ရင်းနှီးသည့် ဆက်ဆံရေးပုံစံမျိုး ဖြစ်ပေါ်ခဲ့သည်။

“အာဆီယံ-အမေရိကန် အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ မြန်မာကနေပြီးတော့ ၂၀၁၂ ခုနှစ်ကတည်းကနေ Coordinatorship ပေါ့နော်။ ညှိနှိုင်းရေး တာဝန်ယူပြီး ဆောင်ရွက်တဲ့အခါမှာ အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေးတွေ တဆင့်ပြီးတဆင့် တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်ပါတယ်။ ဒါကြောင့် လာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဒီထက်ပိုပြီးတော့ တဆင့်မြှင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်သွားကြဖို့ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် The Daily Eleven ကို ပြောကြားခဲ့သည်။

ဂျွန်ကယ်ရီသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် မလေးရှားသို့ မရောက်ရှိခင် စင်ကာပူသို့ ရောက်ရှိစဉ် သြဂုတ် ၄ ရက်ကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မှတ်ချက်စကား ပြောကြားခဲ့ဖူးသည်။

သြဂုတ် ၄ ရက်က စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ်၌ အမေရိကန်-အာရှ ပစိဖိတ် မိတ်ဖက်အလားအလာ ခေါင်းစဉ်ဖြင့် ဂျွန်ကယ်ရီက ဟောပြောမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ပစိဖိတ်ဒေသ၀န်းကျင် မိတ်ဖက်ကုန်သွယ်ရေး (TPP) သဘောတူညီချက်ရရှိရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ နိုင်ငံများ၌ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် အကျိုးဖြစ်ထွန်းမှုများ ဖြစ်ပေါ်နေသည့်အချက်အား ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

ထိုသို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံများ အကျိုးဖြစ်ထွန်းစေခြင်းကို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနေသော အမေရိကန် လုပ်ငန်းရှင်များကို ဥပမာပေးပြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနည်းတူ ဥရောပသမဂ္ဂ(အီးယူ) ၏ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကလည်း သြဂုတ် ၅ ရက် ပြုလုပ်ခဲ့သော အာဆီယံ-အီးယူ အစည်းအဝေး အဖွင့်တွင် မြန်မာရေဘေးဒုက္ခကို စာနာမှုရှိကြောင်း ပြောကြားခဲ့ပါသည်။

Eleven Media Group​ 

No comments:

Post a Comment