Wednesday 5 August 2015

ဟားခါးတွင် ရိက္ခာပြတ်သည့် ပြဿနာဖြေရှင်းရန် ပျက်စီးလမ်းများကို ၁၀ ရက်အတွင်းပြုပြင်မည်ဟု ချင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

ချင်းပြည်နယ်တစ်နေရာတွင် မြေပြိုမှုကြောင့် ပြတ်တောက်သွားသော လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဦးတေဇ)
ဟားခါးမြို့တွင် ဆန်နှင့် အစားအသောက်များ ပြတ်လပ်နေသည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဟားခါး နှင့် ကလေးမြို့ကြား ပျက်စီးသွား သောလမ်း၊တံတားများကို ၁၀ ရက်အတွင်း သွားလာနိုင်အောင် ပြုပြင်မည်ဟု ချင်းပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန် ဆန်းအောင်က ပြောသည်။

မိုးရွာသွန်းမှုကြောင့် ချင်း ပြည်နယ်အတွင်း မြေပြိုကျခြင်း၊ တံတားပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး တံတားပေါင်း ၆၇ စင်းနှင့် မြေ သားလမ်း ၆၇ မိုင် ၅ ဖာလုံပျက်စီး ခဲ့ကာ ကျပ်သန်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

‘‘ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ ရာသီဥတုကောင်း ရင် တစ်ပတ်၊ ဆယ်ရက်အတွင်း ကောင်းအောင် လုပ်မယ်။ ဟား ခါး-ဂန့်ဂေါလမ်းကတော့ နည်း နည်းကြာဦးမယ်။ ဟားခါးမှာ ဆန်တော်တော် အခက်အခဲဖြစ်ပြီဆို တော့ ကလေးမှာရှိတဲ့ စားသောက်ကုန်၊ ဆန်တွေကို ပို့နိုင်အောင် ကျွန်တော်တို့လုပ်မယ်။ ဟားခါး- ကလေးလမ်းကိုတော့ ကြိုးစားပြီး လုပ်မယ်။ ကားလေးတွေကတော့ လေး၊ ငါးရက်အတွင်း သွားနိုင် အောင် လုပ်မယ်။ ကားကြီးတွေ ကတော့ ဆယ်ရက်လောက်ဆိုရင် သွားနိုင်အောင် လုပ်မယ်’’ဟု ဝန် ကြီးက ပြောသည်။

ဇူလိုင် ၂၆ ရက်မှစ၍ ဟားခါး မြို့တွင် မြေပြိုကျမှုများဖြစ်ပွားခဲ့ ပြီး အိမ်အလုံးရေ ၆၀ ကျော်လုံးဝ ပျက်စီး၍ မြေပြိုမည့် ဘေးအန္တ ရာယ်ကြောင့် အိမ်ထောင်စု ၆၀၀ ကျော်ပြောင်းရွှေ့ခဲ့ပြီး မြေပြိုမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဒုက္ခသည် ၇,၀၀၀ ခန့်ရှိကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ ဦးရာခမ်းက ပြောသည်။

ချင်းပြည်နယ်အတွင်းနေရာ အနှံ့ မြေပြိုကျမှုများ ဖြစ်ပွားခဲ့၍ ဟားခါးမြို့နှင့် အဓိကဆက်သွယ်ထားသည့် ပြည်မလမ်းကြောင်းများအပါအဝင် ဟားခါး - ဂန့်ဂေါ၊ ဟားခါး - ကလေး၊ဟားခါး-မတူပီ၊ ဟားခါး-ထန်တလန်တို့ကို ဆက်သွယ်သော လမ်းများ ပိတ်ဆို့သွားပြီး လက်ရှိတွင် ဟားခါးမြို့၌ ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

7Day Daily 

No comments:

Post a Comment