Wednesday 5 August 2015

ရေဘေး ပြန်လည်ထူထောင်ရေး ဦးဝီရသူ ဆောင်ရွက်မည်

ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အထူး အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ၏ ဦးဆောင်ဆရာတော် ဦးဝီရသူထံမှ သိရသည်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ဇူလိုင်လ (၂၇)ရက်နေ့မှစ၍ ရေဘေးသင့် ပြည်သူများထံ လှူဒါန်းရန် အလှူခံခဲ့ရာ သြဂုတ်လ(၄)ရက်နေ့ အထိ အလှူငွေ ကျပ်သိန်း(၄၀၀) ကျော်နှင့် အ၀တ်အထည် စားနပ်ရိက္ခာ ပီနံအိတ်(၆၀၀)ကျော် ရရှိခဲ့သည်။

““အခု ရေဘေးသင့် ဒေသတွေကိုတော့ အရေးပေါ် အခက်အခဲတွေ လောက်ပဲ ကြိုးစားပြီး လှူဒါန်း နေတာပါ။ အဓိကက ပြန်လည် ထူထောင် ရေးပါပဲ။ ရေဘေးသင့် ဒေသတွေက ဒေသခံတွေနဲ့ မဘသ အဖွဲ့အစည်းတွေနဲ့ပဲ ချိတ်ဆက်ဆောင်ရွက် သွားမှာပါ””ဟု ဦးဝီရသူက မိန့်ကြားသည်။

သြဂုတ်လ(၄)ရက်နေ့တွင် မန္တလေး ခရိုင် တစည ပါတီမှ အလှူငွေ (၁၀)သိန်း၊ မလှိုင်မြို့နယ် မဘသမှ အလှူငွေ ခုနစ်သိန်း နှင့် ပစ္စည်း စုစုပေါင်းတန်ဖိုး (၃၈၄၂၀၀၀) ကျပ်၊ အောင်ပင်လယ် မဘသမှ အလှူငွေ နှစ်သိန်းနှင့် ရေသန့်ဘူး။ ပစ္စည်းလိုက်ထရပ်ကား တစ်စီးစာ၊ တံတားဦးမြို့နယ် မဘသမှ သင်္ကန်းဒွိစုံ (၁၀)စုံ၊ ဆန်ငါးအိတ်၊ ကြက်သွန်တစ်အိတ် လှူဒါန်းခဲ့ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)ထံမှ သိရသည်။

““လိုအပ် နေတာက ကားလမ်းတွေ၊ ဘဏ်တွေပဲ။ ကားလမ်းတွေ မရှိတော့ သွားလို့ မရဘူး။ ဘဏ်က ငွေလွှဲမယ်ဆိုတော့ ဘဏ်တွေက ပိတ်ထားတယ်။ မြို့တွေ အထိသာ သွားနိုင်ပြီးတော့ ရွာတွေကိုသွား ဖို့ ခက်ခဲနေတာ။ ဆက်သွယ်လို့မရတဲ့ ဒေသတွေကို အစိုးရက ပစ်မထားသင့်ဘူး။ အစိုးရက ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ နဲ့ ချပေးသင့်တဲ့ ဒေသတွေ ရှိသေးတယ်”” ဟု ဦးဝီရသူက မိန့်သည်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ပွင့်ဖြူမြို့နယ်သို့ ဆန်(၃၀)အိတ်၊ စေတုတ္တရာ မြို့နယ်သို့ ရေသန့်ဘူးအတွဲ (၁၀၀)၊ ဓာတ်ဆား (၁၅)ဖာ၊ မြောက်ဦးမြို့နယ်သို့ ငွေ (၁၀)သိန်း၊ ရေသန့်ဘူး(၂၀၀)တွဲ၊ ခေါက်ဆွဲ ပီနံအိတ် (၂၂) အိတ်၊ ဟားခါးမြို့သို့ ဆန်အိတ်(၄၀)၊ ခေါက်ဆွဲဖာ(၃၀)၊ ကလေးမြို့သို့ ဆန်(၆၀)အိတ်၊ ခေါက်ဆွဲဖာ (၂၄၀) တို့ကို လှူဒါန်းပြီး ဖြစ်သည်။

အဖွဲ့အစည်း အသီးသီးမှ ရေဘေးသင့် ပြည်သူများအား လှူဒါန်းလျက်ရှိသော်လည်း ပြန်လည် ထူထောင်ရေး ကာလတွင် အလုပ်အကိုင်၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ လုပ်ဆောင်ရန် အထူးအရေးကြီးလျက် ရှိသည်။

Messenger News Journal​ 

No comments:

Post a Comment