Wednesday 5 August 2015

ကယ်ဆယ်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ် အသုံးပြုခွင့်ရရန် တိုက်ရိုက်လျှောက်ထားနိုင်

ရေဖုံးလွှမ်းနေသည့် မြို့များတွင် ရေဘေးနှင့် ရင်ဆိုင်နေရသည့် ပြည်သူများ အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရဟတ်ယာဉ် အသုံးပြု ခွင့်ရရှိရန် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လေကြောင်းထိန်းသိမ်းရေး ဌာနခွဲထံမှ သိရှိရသည်။

ပြည်တွင်းတွင် ရဟတ်ယာဉ် ၂ စင်း ပိုင်ဆိုင်ထားသည့် ထူးအုပ်စု၏ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် မြို့များကို ပျံသန်းနိုင်ရန် ခွင့်ပြုချက် ပေးထားကာ ထပ်မံ၍ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှာ ပြည်ပ ရဟတ်ယာဉ်များကို ငှားရမ်းနိုင်ပြီး အသုံးပြုခွင့်ရရန် ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း အဆိုပါဌာနခွဲမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“နိုင်ငံတော်အရေးဖြစ်လို့ ဝန်ကြီး ဌာနကို တိုက်ရိုက်လျှောက်ခွင့် ရှိတယ်။ခုတော့ ကုမ္ပဏီတွေ လာစုံစမ်းတာ ရှိပေမယ့် ဘယ်ရဟတ်ယာဉ်၊ ဘယ်နိုင်ငံ ဆိုတာမျိုးတွေ အထိ အတိအကျ မပြောသေးဘူး။ အပြင်မှာက ဒီဘက်မပေးဘူးလို့ အသံတွေ ထွက်နေပေမယ့် တကယ်တမ်း လာတင်တဲ့သူကို မရှိတာ” ဟု ၎င်းက ဆက်လက် ဆိုသည်။

မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ရန် ကြိုးစားနေသည့် ရဟတ်ယာဉ် သယ်ယူပို့ဆောင်ရေး စနစ်တွင် ဝေဟင် သွားလာရေးစနစ်၊ ရှာဖွေကယ်ဆယ်ရေး စနစ်များကိုပါ ထည့်သွင်းစဉ်းစား၍ အကန့် အသတ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ယခုနှစ် မတ်လတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

ရေဘေးကြောင့် ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦး၊ ချင်းပြည်နယ် ဟားခါးမြို့၊ တီးတိန်မြို့၊ မင်းတပ်မြို့တို့မှာ မြေပြိုမှုများကြောင့် ကျေးရွာချင်းဆက် လမ်းများ၊ ကားလမ်းများ ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေနှင့် အစားအသောက်များ အခက် တွေ့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
မြန်မာတစ်နိုင်ငံလုံး ရေဘေးသင့် ဒေသများအနက် ကလေးနှင့် စစ်တွေ မြို့များတွင် ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Air KBZ နှင့် Golden Myanmar Airlines တို့မှ ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment