Thursday 9 April 2015

ဗုဒ္ဓ၏ အဆုံးအမတော်များ-၂၁၇

ရခဲသောအရာ ဆယ်ပါး - ၂
===============
- မင်းနန်(မော်ကျွန်း)

ပြုပြင်ခြယ်သမှုပြုခြင်းသည် ရုပ်အဆင်းလှပတင့်တယ်ခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်သည်။
လောကနီတိတွင် မိန်းမတို့၏ဥစ္စာကား အဆင်းတည်းဟု ဖော်ပြထားပါသည်။ ရုပ်ဆင်းသဏ္ဌာန် လှပ တင့်တယ်ခြင်းသည် နှစ်သက်ဖွယ်ဖြစ်ပြီး အလိုရှိ အပ်သောအရာ ဖြစ်ပါ၏။ အမှန်တော့ အမျိုးသမီးတို့သာ လျှင် ရုပ်ဆင်းသဏ္ဌာန် လှပတင့်တယ်ဖို့ လိုအပ်သည် မဟုတ်ပါ။ အမျိုးသားတို့သည်လည်း ယောက်ျားပီပီ၊ ကျက် သရေရှိရှိ ကြည့်ကောင်းသော ရုပ်ရည်ရှိဖို့လိုပါသည်။

တခြားသူတို့နှင့် ထိတွေ့ပြောဆိုဆက်ဆံရာ တွင် ရုပ်ရည်ချောမောလှပခြင်း သည် ဆွဲငင်အားတစ်ခု ပင်ဖြစ်ပါသည်။

ရုပ်ရည်ချော မောလှပသော အမျိုးသမီးနှင့် ထိတွေ့ပြောဆိုရသော အမျိုးသားသည် ထိုသို့ ပြောဆို ဆက်ဆံနေရစဉ်အခိုက် စိတ်နှလုံးကြည်လင်ရွှင်ပျနေသည်။ မြတ်စွာဘုရားကလည်း လောကရှိအဆင်း သဏ္ဌာန် တို့တွင် ဣတ္ထိယတို့၏ အဆင်း လောက်၊ ပုရိသယောက်ျားတို့၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲဆောင် နိုင်စွမ်းရှိသော အဆင်းဟူ ၍ ငါမမြင်ဟု ဟောတော်မူခဲ့ပါ၏။

ထို့အတူပင် ရုပ်ရည်လှပတင့်တယ်သော အမျိုးသားနှင့်ပြောဆိုဆက်ဆံနေသော အမျိုးသမီးတို့သည် ထိုသို့ ပြောဆိုဆက်ဆံနေ စဉ်အခိုက် ကြည်နူးရွှင်ပျနေသည်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရုပ် ဆင်းသဏ္ဌာန် လှပချောမောသော သူနှင့် ပတ်သက် ဆက်ဆံလိုကြသည်။ ရင်းနှီးကျွမ်းဝင် လိုကြသည်။ အ ကြောင်းဆက် ပေါင်းဖက်လိုကြသည်။ ရှေးခေတ် အခါ ကာလကတည်းက ရုပ်ရည်ချောမောသူ ကျေးတောသူတို့သည် ရှင်ဘုရင်၏ တော် ကောက်ခြင်းကို ခံရကာ ဘဝသည် အကြီးအကျယ် ပြောင်းလဲမြင့်မားသွားသည်။

ယခုခေတ်တွင်လည်း ချောမောလှပ လွန်းသော အမျိုးသမီးတို့သည် စီးပွား ဥစ္စာ၊ ရာထူးအရှိန်အဝါ မြင့်မား သောယောက်ျားတို့နှင့် ဖူးစာဆုံကာ လူနေမှု အဆင့်အတန်း မြင့်မားတိုး တက်သွားသည်။

တချို့သူတို့သည် မွေးရာပါရုပ်ဆင်းသဏ္ဌာန် ချောမောလှပသည်။ သို့တစေ ပစ်စလကက်ခတ်ဖြစ်သ လို နေသည်။ မိမိကိုယ်ကိုယ် ပြုပြုပြင်ပြင်နေရမှန်း မသိ။ ထိန်းထိန်းသိမ်းသိမ်း နေရမှန်းမသိ။ ဖြစ်သလိုနေ၊ ဖြစ် သလိုစား၊ အအိပ်အစားမမှန်သော အလေ့အထက ရုပ် ဆင်းသဏ္ဌာန်ကို ထိခိုက်စေသည်။ ဖုန်ထူထူ၊ နေပူပူ ထဲသွားစဉ် နေရောင် ခြည် မထိရလေ အောင် လုံ လောက်သော ကာကွယ်မှု မပြု။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ အအိပ်အစားမမှန်ကန်သော အလေ့ အထက ရုပ်ဆင်းသဏ္ဌာန်ကို ထိခိုက်စေပါသည်။

အမှန်တော့ နေ့စဉ်ရေမှန်မှန်ချိုးရမည်၊ ခေါင်း မှန်မှန်လျှော်ရမည်။ ဝမ်းမှန်အောင် ဂရုစိုက်ရ မည်။ စိတ်ကြည်လင်ချမ်းသာအောင် နေတတ်ရမည်။ စိတ်မချမ်းသာလျှင် မျက်နှာပြင် တွင် မှုန်တုံတုံ ဖြစ်နေတတ်သည်။ အကြည်ဓာတ်ကင်းမဲ့သောမျက်နှာ၌ အလှဓာတ် ဆိတ်သုဉ်းနေ တတ်သည်။ တတ်နိုင် သမျှအ သားအရေကို မထိခိုက်။ မပျက် စီးစိမ့်သောငှာ လုံလောက်သော စောင့်ရှောက်မှုပြုရမည်။ မျက်စိ နှင့် အသားအရေကို နေရောင်ခြည် တိုက်ရိုက်မထိစိမ့်သောငှာ ကာကွယ် စောင့်ရှောက်မှုပြုရမည်။

နေရောင်ခြည် မှာပါသော ခရမ်းလွန်ရောင်ခြည်က မျက်စိ ကိုထိခိုက်စေသည်။ အသားအရေကို ပျက်စီး စေသည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာစေ သည်။ မိမိကိုယ်ကိုယ် အမြဲကြည့်ပျော်ရှုပျော်ဖြစ် အောင် ပြုပြင်ခြယ်သမှုပြုနေသင့်သည်။

တချို့သူတို့ သည် ရွက်ကြမ်းရေကျို ရုပ်ရည်မျှသာဖြစ်သော်လည်း မိမိကိုယ်ကိုယ် အရိပ်တကြည့်ကြည့်နှင့် ပြုပြုပြင်ပြင် ခြယ်ခြယ်သသ နေတတ်သောကြောင့် ဆွဲဆောင်မှုရှိ ကာ ကြည့်ပျော်ရှုပျော်ဖြစ် လာပေသည်။

လျောက်ပတ်သောအမှုကို ပြုခြင်းသည် ကျန်းမာခြင်း၏ အကြောင်း အထောက် အပံ့ ဖြစ်သည်။ ''သင့် ကျန်းမာရေးက သင့်အပေါ်မှာ တာ ဝန်ရှိပါတယ်။ ဆရာဝန်တွေအပေါ် တာဝန်မပေးပါနဲ့။ ဘယ်သူ့ကိုမှလဲ အပြစ်မတင်ပါနဲ့။ သင့်ကိုယ်သင် တာ ဝန်ယူပါ။ ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေတဲ့ ဘဝရဲ့ ပထမ ဦးဆုံး စည်းမျဉ်းပဲ ဖြစ်ပါတယ်'' ဂျပန်ဆရာဝန်ကြီး 'ရှိဂဲအတိဟိနော့ ဟရ' ၏ အထက်ပါစကားကို များစွာနှစ်သက်မိပါ သည်။

မိမိ၏ကျန်းမာရေးအတွက် မိမိကိုယ်တိုင် တာဝန်ယူပါဟူသောစကားသည် များစွာအဓိပ္ပာယ် ရှိသောစကား ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦး၏ ဘဝနေဟန်နှင့် သူ၏ကျန်းမာရေးသည် အဓိက တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။ ရောဂါမှန်သမျှ မည်သည့် ရောဂါဖြစ်စေ အကြောင်းမဲ့ဖြစ်ပေါ် လာသည် မဟုတ်ပါ။ ရောဂါ၏ ဇာစ်မြစ်သည် လူတို့၏ နေ့စဉ်အလေ့အကျင့်နှင့် နေဟန်အပေါ်မှာ အကြောင်းရင်းခံခဲ့ရခြင်းဖြစ်ပါ သည်။

ကျွန်တော့်၏ ကိုယ်တွေ့ကိုပဲ ပြောပြချင်ပါ သည်။

ကျွန်တော်အသက်၂ဝအရွယ်ကပင် စီးကရက်သောက်သော အလေ့အကျင့်စွဲမြဲခဲ့သည်။ စတင် သောက်စဉ် က တစ်နေ့လျှင် စီးကရက် သုံးလိပ် လောက်သောက်ခဲ့ရာမှ ဆေးလိပ်သောက်သက် ၂၅နှစ်ကျော်ကြာလာ သောအခါ စီးကရက်၏ဒဏ် ကို နှစ်ပေါင်း ၂၅နှစ်ကြာအောင် ခံခဲ့ရသောအဆုတ် သည် ရောဂါရလာသည်။

ထိုအဆုတ်ရောဂါကို တစ်နှစ်နှင့် လေးလကြာသည့်တိုင် ဆေးကုသခဲ့ရ သည်။ ရောဂါပျောက်ခဲ့သည့်တိုင် အဆုတ်၏မျက် နှာပြင်တွင် အမာရွတ်တွေ ထင်ကျန်ရစ်ပြီ။ မူလ ပကတိအဆုတ်လို မကောင်းနိုင်တော့။ အမော အပန်းမခံနိုင်တော့။ စီးကရက်ကြောင့် ရောဂါရ သည်၊ ငွေကုန်သည်၊ လူပိန်သည်။

ဤသည်မှာ မိမိ မကောင်းသော အလေ့အကျင့်က မိမိကိုယ်ကိုယ် ရောဂါရစေခြင်းပင်ဖြစ်ပါ၏။ အကယ်၍ စီးကရက် ကိုသာ နှစ်နှစ်သက်သက်၊ ခုံခုံမင်မင်မသောက်သုံး ခဲ့လျှင် 'အဆုတ်ရောဂါ'ဖြစ်စရာအကြောင်း မရှိပါ။
ယနေ့ခေတ်တွင် အရသာရှိအောင်၊ စား သုံး သူတို့စွဲမက်အောင် စီမံထုတ်လုပ်ထားသော အစားအသောက် တွေထဲမှာ ကျန်းမာရေးနှင့်မညီ ညွတ်သော အစားအစာတွေပါဝင်နေသည်။ ရသာ စုံမှာ ခုံမင်လွန်းသော လူတို့သည် ဓာတုဆေးဝါး မကင်းသော အစားအစာတို့ကိုပင် နှစ်နှစ်သက်သက်၊ စွဲစွဲမက်မက် စားသုံးနေ ကြသည်။ အငန်များလွန်း သော အစားအစာတွေ၊ အချိုတွေ၊ အဆီများလွန်း သော အစားအစာတွေကို အလွန်အကျွံစားသောက် ကြသည်။ ထိုအလွန်အကျွံစားသုံးမှုက ရောဂါဖြစ် ရာဖြစ်ကြောင်းတွေချည်း ဖြစ်ပါ၏။

တချို့သူတို့သည် အရက်ကို အလွန်အကျွံ သောက်သည်။ အရက်စွဲသည်။ နှစ်ကာလကြာရှည် လာသော အခါ အသည်းတွင် ရောဂါရလာသည်။ ထိုရောဂါကို အရက်စွဲသမားကိုယ်တိုင်က အဆင် အခြင်မဲ့ ဖိတ်ခေါ်ခဲ့ခြင်းသည် ထင်ရှားသော အမှန် တရားပင်ဖြစ်ပါသည်။ အသက်ခြောက်ဆယ်ကျော် ပြီဖြစ်သော လူတစ်ယောက်သည် လိင်ဘက်တွင် အားသန်သည်။ ကာမအားတိုးဆေးမျိုးစုံကို သောက် သုံးသည်။

ဆေးပညာဗဟုသုတရှိသူတစ်ဦးက ကာမအားတိုးဆေးများသည် နှလုံးကိုထိခိုက်စေသည်ဟု အကြံပြု ပြောဆို သည့်တိုင် ထိုသူက မနာခံ။ တစ်နေ့ သော်..ထိုသူမှာ လေဖြတ်သွားလေတော့သည်။ ကာမဘက်တွင် ထက်သန်လွန်းပြီး ကာမအားတိုး ဆေးများကို အမြဲသုံးစွဲသော အကျင့်စရိုက်က သူ့ ကို လေဖြတ်စေခဲ့ခြင်းသာဖြစ်ပါ၏။

တချို့သူတို့သည် အစားအစာကို တပ် မက်လွန်းသည်။ အစားလွန်ကြူးသောကြောင့် အဝ လွန်လာသည်။ အဝလွန်ခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် တခြားရောဂါကြီး များကိုဖြစ်စေ တတ်သော အဓိကတရားခံများအနက် မှ အဓိက တရားခံဖြစ်ပါသည်။ အစားအစာကို သင့် တင့်မျှတစွာ စားသုံးသင့်သည်။ အစားလျှော့စားခြင်း ဖြင့် အင်ဆူလင်ကျသွားခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျ သွားခြင်းသည် အသက်ရှည်ရာ အနာမဲ့ကြောင်းနှင့် ဆက်စပ်နေသည်။ ကယ်လိုရီလျှော့စားခြင်းသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့၏ အန္တရာယ်ကို လျော့နည်းစေသည်ဟု ဆေးပညာ ရှင်တို့က ဆိုပါသည်။

မိမိ၏ နေ့စဉ်ဘဝနေဟန်နှင့် အကျင့် စရိုက်တွေကို ကောင်းသော အလေ့အကျင့်တွေ ဖြစ်စေခြင်းသည် ကျန်းမာရေး၏ အဓိကသော့ချက် ပင် ဖြစ်ပါသည်။

ကောင်းသောမိတ်ဆွေရှိခြင်းသည် သီလတို့၏ အကြောင်း အထောက်အပံ့ ဖြစ်သည်။

မြန်မာမှုနယ်ပယ်၌ လူချင်းနီးရာ အလေ့ ပါဟူသော စကားရပ်တစ်ခုရှိပါသည်။ ထိုစကားရပ် မှာ လူတစ်ဦး နှင့် တစ်ဦး ထိတွေ့ဆက်ဆံဖန်များ လတ်သော် အပြန်အလှန် တုံ့ပြန်ရိုက်ခတ် ဓာတ်ကူး တတ်ခြင်းကို ဆိုလို ပါသည်။

ဓာတ်ကူးသည်ဆိုရာတွင် ကောင်းသောဓာတ်သည် ကူးစက်တတ်သော သဘောရှိသကဲ့သို့ ဆိုးသောဓာတ် သည် လည်း ကူး စက်တတ်သော သဘောရှိပါ၏။

ထိုသို့ အကောင်းရော၊ အဆိုးရော ကူး စက်တတ်သော သဘောရှိလေရာ မိမိအနေဖြင့် တခြားသူများထံမှ အကောင်းဓာတ်ကိုသာ ကူးစက် ခံရဖို့လိုပါသည်။ အကောင်းဓာတ် ကူးစက်ခြင်းကို ခံရလိုသော် ကိုယ်ကျင့် စာရိတ္တကောင်းမွန်သော မိတ် ဆွေကောင်းနှင့် ပေါင်းသင်းဖို့လိုပါသည်။

လူသည် အထီးကျန်နေ၍မရ။ ရင်းနှီး ကျွမ်းဝင်ရာ မိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံ ရပေသည်။ ထိုအခါ မိမိသည် မည်သို့သောလူနှင့် ပေါင်းသင်းဆက်ဆံမည်ဟူ၍ မူချထားဖို့လိုပါသည်။

အပေါင်းအသင်းမိတ်ဆွေကို စိစစ်ရွေးချယ်၍ ပေါင်းသင်းရမည်။ စိစစ်ရွေးချယ်မှုမှန်ကန်သော် မိမိ၏ဘဝထဲ တွင် ကောင်းခြင်းမင်္ဂလာတွေ ဖြစ်ထွန်းလာ မည်။

စိတ်ထားကောင်းသော မိတ်ဆွေ၊ ကိုယ်ကျင့်စာရိတ္တကောင်းမွန်သော မိတ်ဆွေတို့နှင့် ပေါင်း သင်းမိသော အခါ သူတို့၏ အတွေးအခေါ်၊ ဗီဇ၊ ဥာဉ်၊ ကိုယ်ကျင့်တရားတို့မှ ဖြာထွက်လာသောဓာတ် တစ်မျိုးက မိမိ၏ မနော အတွင်းပိုင်းအထိ နက်နက် နဲနဲ ထိုးဖောက်ဝင်ရောက်လာသည်။

ထိုသူ၏ သီလ မြဲမြံမှု၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်ဖြောင့်မတ်မှု တို့သည် မိမိ၏အဇ္ဈတ္တထဲသို့ တစိမ့်စိမ့်ဝင် မှန်းမသိ ဝင်လာသည်။ ထိုအခါ သီလမြဲမြံသော မိတ်ဆွေကို အတုယူလျက် မိမိသည်လည်း သီလမြဲမြံ လာသည်။

ကိုယ်ကျင့်သိက္ခာ ဖြောင့်မတ်တည်ကြည်သော မိတ် ဆွေကို အတုယူလျက် မိမိသည်လည်း ကိုယ်ကျင့် သိက္ခာ တည်ကြည်ဖြောင့်မတ်လာသည်။

ထို့ကြောင့်လည်း မြတ်စွာဘုရားက ကောင်းသောမိတ်ဆွေရှိ ခြင်းသည် သီလ၏အကြောင်း အထောက် အပံ့ဖြစ် သည်ဟု ဟောတော်မူခဲ့ခြင်း ဖြစ်ပါ၏။

TheFlowerNews

───────────Yangon Media Group

No comments:

Post a Comment