Thursday 9 April 2015

အိုက်စလန် ကမ္ဘာလှည့်ခရီးသွားများ ပထမအကြိမ် လာရောက်လည်ပတ်

ယခုနှစ်ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ အိုက်စလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်အဖွဲ့လိုက် ပထမဆုံး လာရောက် လည်ပတ်ခဲ့ကြောင်းသတင်းရရှိ သည်။

အိုက်စလန်နိုင်ငံသား ၇၅ ဦးသည် မြန်မာနိုင်ငံမှ ရန်ကုန်၊ ပုဂံ၊ အင်းလေး ခရီးစဉ်ကို ဧပြီ၆ ရက်မှ ၁၂ ရက် အထိ လည်ပတ်မည်ဖြစ်ပြီး အိုက်စလန် ကမ္ဘာလှည့်ခရီးသည်များ မြန်မာသို့အဖွဲ့လိုက် ပထမဆုံး လာ ရောက်ခြင်းဖြစ်ကြောင်း Nature Dreamခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။

‘‘လူဦးရေ သုံးသိန်းကျော် သာရှိတဲ့ အိုက်စလန် နိုင်ငံက မြန်မာကို ၇၅ ယောက်လာတယ်။ ဒါက မြန်မာနိုင်ငံ ကို ပထမဆုံးလာတဲ့ အိုက်စလန်ခရီးသွားအဖွဲ့လို့ပြောလို့ရတယ်’’ ဟု ဒေါ်စံပယ်အောင်ကပြောသည်။

ထိုကဲ့သို့ ပထမဆုံး လာရောက်သော အိုက်စလန်နိုင်ငံ သားများကို ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီးက ဧပြီ ၁၀ ရက်တွင် ရန်ကုန်၌ လက်ခံတွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။

‘‘သူတို့တွေရဲ့အသက် အရွယ်က(၂၅)ကနေ (၈၀)ကြား ပါ။ အေးတဲ့နိုင်ငံကလာတဲ့သူတွေ ဖြစ်တယ်။ ပြီး တော့ ဒီမှာ ရာသီ ဥတုပူတာကြောင့် သူတို့ကို နေ့ခင်းနေ့လယ်ဆိုရင် အနားပေးပြီးသွားခိုင်းရတယ်’’ ဟု ဒေါ်စံပယ် အောင်ကပြောသည်။

၂၀၁၄ တွင်မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်သုံးသန်းဝင်ရောက်ခဲ့ပြီး အာရှက ဧည့်သည် ရှစ်သိန်း ကျော်ဖြင့် အများဆုံးဖြစ်နေသည်။ အနောက်ဥရောပမှ တစ်သိန်းရှစ်သောင်းကျော်ဖြင့် ဒုတိယ အများဆုံး ဖြစ်ပြီး မြောက် အမေရိကမှခုနစ်သောင်းကျော်ဖြင့် တတိယအများဆုံးဝင်ရောက် ထားကြောင်း သတင်း ရရှိသည်။

သမုဒ္ဒရာနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် သုံးသောင်းကျော်၊ အရှေ့ဥရောပမှ တစ်သောင်း သုံးထောင် ကျော်၊ အရှေ့အလယ် ပိုင်းမှ လေးထောင်ကျော်နှင့် အာဖရိကတိုက်မှ သုံးထောင်ကျော်အသီးသီး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အိုက်စလန်နိုင်ငံသည် အာတိတ်သမုဒ္ဒရာနှင့် မြောက်အန္တလန္တိတ်သမုဒ္ဒရာအကြား အာတိတ် စက်ဝိုင်း အတွင်းမှ ရေခဲကျွန်းနိုင်ငံဖြစ်ပြီး လူဦးရေ သုံး သိန်းကျော်နေထိုင်သော ကမ္ဘာ့ ၁၈ ခုမြောက် အကြီးဆုံး လူနေ ကျွန်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment