Wednesday 22 April 2015

ကျောင်းစစ်စာမေးပွဲ ကျရှုံးသူများ ပြန်ဖြေခွင့်ပြုမည် မဟုတ်ဟုဆို

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာ စာမေးပွဲများအနက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများမှလွဲ၍ နဝမတန်း အပါအဝင် ကျောင်းတွင်းစစ် အတန်းတင် စာမေးပွဲကျရှုံးသူများကို ယခုနှစ်တွင် ပြန်လည် ဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ပြောကြားသည်။

ယခုပညာသင်နှစ် နဝမတန်းအဆင့် စာမေးပွဲတွင် ကျရှုံးသူ များပြားကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသဖြင့် ယင်းအတန်းများအတွက် ကုစားစာမေးပွဲ ပြုလုပ်ရန်ရှိ မရှိ မေးမြန်းမှုကို အဆိုပါ ပညာရေး ဝန်ကြီးဌာန အရာထမ်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ် သည်။ “ပြန်ဖြေစနစ် မရှိပါဘူး။ အအောင်၊ အရှုံး ရာခိုင်နှုန်းတွေကလည်း ကျောင်းတွင်းစစ် ဖြစ်တော့ သက်ဆိုင်ရာ ကျောင်းတွေမှာပဲ ရှိနေသေးတယ်။ အခုထိ မရောက်လာသေးတော့ မသိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲတွင် တစ်နှစ်ပတ်လုံး သင်ခန်းစာများကို ဖြေဆိုရသော်လည်း ကျောင်း တွင်းစစ် အတန်းတင် စာမေးပွဲများတွင်မူ အခန်းဆုံး စစ်ဆေးခြင်းနှင့် နှစ်ဝက်ဆုံး စစ်ဆေးခြင်း မှ ရရှိသော ရမှတ်ဖြင့်သာ အောင်စာရင်း ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း အထက်တန်းပြ ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

“အရင်တုန်းတည်းကလည်း ပြန်ဖြေစနစ်တော့ မရှိပါဘူး။ ဒါပေမဲ့ တတ်အောင်သင် အောင် အောင်စစ်ပေါ့” ဟု အခြေခံပညာဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

၂၀၁၃ ခုနှစ်က အကြောင်းအမျိုး မျိုးကြောင့် နဝမတန်းစာမေးပွဲမဖြေရန် ပျက်ကွက်ခဲ့သူများနှင့် တစ်နှစ် ကျရှုံးထား သူများအတွက် ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲများ ကျင်းပပေးရန် ပညာရေး ၀န်ကြီးဌာနက စီစဉ်ခဲ့ဖူးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နဝမတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၃၈၀,၀၀၀ ကျော်ရှိပြီး ယခုနှစ် နောက်ပိုင်းတွင် နဝမတန်း ကျရှုံးသူဦးရေ အနည်းငယ် မြင့်တက်လာကြောင်း ပညာရေးဝန်ထမ်း များက ဆိုသည်။

The Voice Weekly 

No comments:

Post a Comment