Wednesday 22 April 2015

ဒေသခံကျေးရွာများအားလူသစ် ၁ ယောက်၊ ငွေ ၁၅ သိန်းနှင့် စပါးတင်း ၆၀ပေးရန် RCSS/SSA အဖွဲ့မှကောက်ခံ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဧပြီလ ၂၀ ရက် နေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်ခွဲ၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဟန်လွိုင်ကျေးရွာသို့ရောက်ရှိ လာပြီးဟိုနောင်ကျေးရွာနှင့် ကုန်းလန်းကျေးရွာမှ ရပ်မိရပ်ဖများအားခေါ်ယူ၍ အစည်းအဝေးပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

“အစည်းအဝေးဆိုလို့ လာတက်တာ၊ ပုံမှန်အတိုင်းပါပဲ၊ သူတို့တွေက ရှမ်းပြည်နယ်အတွက် ဘာလုပ်နေ တယ်ပေါ့၊ သူတို့တွေသာပြောနေတာ ဒီအတိုင်းပါပဲ၊ ဘာမှထူးမလာပါဘူး၊ ယခုလည်းကျေးရွာ တစ်ရွာကို လူသစ် ၁ ယောက်နှုန်းပေးရမယ်ပြောတယ်”ဟုအစည်းအဝေးတက်ရောက်ခဲ့သူ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့၏ အတင်းအကြပ်စေခိုင်းမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး များမှ လူသစ် ၁ ယောက်နှုန်း အပြင် ငွေ ၁၅ သိန်းနှင့် စပါးတင်း ၆၀ ပါပေးဆောင်ရမည်ဖြစ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောကြားသည်။

“လူသစ်လည်းပေးရတယ်၊ ဆက်ကြေးငွေရော၊ ရိက္ခာရောဆိုတော့ တရားလွန်လာပြီ၊ ရွာမှရှိတဲ့ ရွာသူ၊ ရွာသားတွေကလည်းဘယ်သူမှ မပေးချင်ကြတော့ဘူး၊ ဒေသခံရွာသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေ ကြတယ်၊ ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ဘူး”ဟု ယင်းအုပ်ချုပ်ရေးမှူးမှ ဆက်လက် ပြောကြားသည်။

ယခုအချိန်အခါတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ကတိကဝတ်များ လက်မှတ်ထိုးထားသော အချိန်အခါ ဖြစ်သောကြောင့် RCSS/SSA အဖွဲ့အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြားစေနိုင်သော ကိစ္စရပ် များဖြစ်သည့် ဒေသခံတိုင်းရင်းသားကျေးရွာများမှ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ငွေကောက် ခံခြင်းနှင့် ရိက္ခာများတောင်းခံခြင်းတို့ကို မပြုလုပ်သင့်ကြောင်းခိုလမ်မြို့ခံ ဆရာဝန်တစ်ဦးက ပြောကြား သွားသည်။ 

စိုင်းအောင်
Credit >>> Shan News

No comments:

Post a Comment