Wednesday 22 April 2015

ကော့ကရိတ်အထက်တန်းကျောင်း အဋ္ဌမတန်းအောင်စာရင်း မှားယွင်းမှု စတင်စစ်ဆေး

ကရင်ပြည်နယ် ကော့ ကရိတ်မြို့ အမှတ် (၁) အထက် တန်းကျောင်း အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်း တွင် မှားယွင်း ဖော်ပြခဲ့သည့်အပေါ် ဧပြီ ၂၀ ရက်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု အခြေခံ ပညာဦးစီးဌာနမှ သတင်းရရှိ သည်။

ကရင်ပြည်နယ် ပညာရေးမှူးရုံးက ဧပြီ ၁၈ ရက်၌ အစိုးရ စစ်စာမေးပွဲစနစ်ဖြင့် ဖြေဆိုရသည့် အဋ္ဌမတန်း အောင်စာရင်းများကို အထက(၁) ကော့ကရိတ်တွင် ထုတ်ပြန်ကြေညာရာ ဘက်စုံထူးချွန်လူရည်ချွန် ရွေးချယ်ခံရသည့် အဋ္ဌမတန်းကျောင်းသား တစ်ဦးကို ကျရှုံးသည်ဟု ဖော်ပြ ထား၍အဆိုပါ ကျောင်းသား၏ မိသားစုများက ကရင်ပြည်နယ် ပညာရေးမှူးရုံးသို့ အကြောင်း ကြားခဲ့သည်။

ကရင်ပြည်နယ် ပညာရေး မှူးရုံးက ဧပြီ ၁၈ ရက် နေ့လယ် တွင် အောင်စာရင်းစာရွက်အသစ် ကို ပြန်လည် ထုတ်ပြန်ခဲ့ရာ၌ အဆိုပါ ကျောင်းသားမှာ (A) အဆင့်ဖြင့် အောင်မြင်ကြောင်း ပြန်လည် ပြင်ဆင် ဖော်ပြခဲ့မှု ကို အခြေခံပညာဦးစီးဌာနမှ စုံစမ်းစစ်ဆေး ရေး ပြုလုပ်မည်ဟု အဆိုပါဌာန မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်ပညာရေးမှူး ဦးဆောင်သည့်အဖွဲ့သည် ကရင်ပြည်နယ် ပညာရေးမှူးရုံးရှိ အဋ္ဌမတန်း အောင်စာရင်းထုတ်ပြန်ရာတွင် ပါဝင်သူများကို ဧပြီ ၂၀ ရက်က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေပြီဟု ဆိုသည်။

‘‘အဲဒီကိစ္စက အောင်စာရင်း မှာ ရမှတ်သွင်းတာမှားသွားလို့ ဖြစ်တာ။ အင်္ဂလိပ်လို ၇၇ မှတ် ရေးထားတာကို ဖတ်တဲ့လူက မှား ဖတ်မိပြီးဖြစ်တာ။ ဖြစ်တဲ့ကလေး က လူရည်ချွန်ပဲ။ မွန်ပြည်နယ် ပညာရေးမှူး ဦးဆောင်တဲ့အဖွဲ့ ကနေ ဘာကြောင့်မှားတာလဲဆို တာကို အဲဒီအောင်စာရင်းထုတ် ပြန်တာတဲ့ပတ်သက်တဲ့ အမှတ် စာရင်းသွင်းတဲ့သူ၊ ပြန်စစ်တဲ့သူ၊ အောင်စာရင်းစာရွက် စာရိုက်တဲ့ သူတွေကို သွားပြီးတော့ စစ်ဆေး နေပြီ’’ ဟု အခြေခံပညာဦးစီးဌာန မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အောင်စာရင်းတွင် မှားယွင်း ဖော်ပြသည့်ကိစ္စကို ကနဦး စုံစမ်းစစ်ဆေးမှုများ ဧပြီ ၂၄ ရက်အထိ ပြုလုပ် မည်ဖြစ်ပြီး တွေ့ရှိချက်များအား အခြေခံပညာဦးစီးဌာနသို့ တင်ပြရာတွင် အဆိုပါဖြစ်စဉ် မှန်ကန်ပါက အတည်ပြုထပ်မံ စစ်ဆေး၍ အရေးယူမှုများ ပြုလုပ်မည်ဟု အခြေခံပညာဦးစီး ဌာနမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘားအံမြို့ရှိ ကရင်ပြည်နယ် ပညာရေးမှူးရုံးသို့ 7Day Daily က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက် သွယ်ခဲ့သော်လည်း ပြန်လည်ဖြေ ကြားခြင်း မရှိခဲ့ပေ။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်စာရင်းများ ထုတ်ပြန်ရာ တွင် ယင်းကဲ့သို့ မှားယွင်းထုတ်ပြန်မှုများမျိုး ဒေသအချို့တွင် လည်း ဖြစ်ပေါ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင် ပြောင်းလဲကျင့်သုံးသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲကို အစိုးရစစ် (သို့မဟုတ်) ကျောင်းပြင်ပစစ်စာမေးပွဲစနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးခဲ့ပြီး အဋ္ဌ မတန်းအတန်းတင်စာမေးပွဲ မေးခွန်းပြုစုခြင်း၊ စစ်ဆေးခြင်းနှင့် အောင်စာရင်း ထုတ်ပြန် ခြင်းကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဆောင်သည့် စာစစ်အဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်

7Day DAILY 

No comments:

Post a Comment