Wednesday 22 April 2015

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က အကြိုဆွေးနွေးရန် ရွေ့ဆိုင်း



လာမယ့်နှစ်မှာလုပ်မယ့် ရွှေမြွေဟောက်စစ်ရေးလေ့ကျင်မှု (Cobra Gold)အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပစ္စဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်(USPACOM)က ရွေ့ဆိုင်းထားကြောင်းထိုင်းစစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားပါတယ်။


၂၀၁၆ခုနှစ် Cobra Gold စစ်ရေးလေ့ကျင်မှုအတွက် ထိုင်းနဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေ ဟာ ယခုလအတွင်း ဟာဝိုင်အီမှာ ညှိ့နှိုင်းဆွေးနွေးရမှာဖြစ်ပေမယ့် အမေရိကန်ဘက်က ရွေ့ဆိုင်းထားခြင်းဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲပြီးမှသာ စစ်ရေးလေ့ကျင့် မှုအတွက် မြေနေရာရွေးချယ်ခြင်း၊ လေ့ကျင့်မှု့အသေးစိတ် ဆွေးနွေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

ထိုင်းစစ်ဘက်ကတော့ အမေရိကန်တွေအနေနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေကို နောက်ဆုတ်ပေမယ့် ပုံမှန်ပြုလုပ်နေကျ Cobra Gold စစ်ဆင်ရေးကို ဖျက်သိမ်းဖို့အတွက် မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

၁၉၈၂ခုနှစ်ကတည်းကစတင်ခဲ့တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ဆင်ရေးဟာ ဒေသတွင်းမှာ အကြီးဆုံး နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှု တခုဖြစ်ပြီး၊ လာမယ့် Cobra Gold စစ်ရေးလေ့ကျင်မှုမှာ စစ်မြေပြင်လေ့ကျင်မှုတွေအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကယ်ဆယ်ရေး နှင့် နေရာချထားရေးများ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ တပ်မတော်မှ အရာရှိ ၂ဦး လည်း ၂၀၁၃ခုနှစ်မှာ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

ထိုင်းစစ်ဘက်အရာရှိတဦးကတော့ “အမေရိကန်အနေနဲ့ လာမယ့် ၂၀၁၆ မှာပြုလုပ်မယ့် ဒီစစ်ဆင်ရေးကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ မျော်လင့်သလို၊ USPACOM အနေနဲ့ အမေရိကန်အစိုးရရဲ့ ပေါ်လစီလမ်းညွန် ချက်ကို စောင့်နေတယ်လို့ ထင်တယ်၊ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေ အကျိုးဆက်ကိုလည်းတိုင်းတာလိမ့်မယ်လို့ထင်ပါတယ်”လို့ဆိုပါတယ်။

၂၀၁၄ခုနှစ်မေလ ထိုင်းစစ်တပ်က အာဏာသိမ်းမှု နောက် ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်က စစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းခဲ့ပြီး Cobra Gold မှာ ပါဝင်တဲ့ တပ်သားအရေ အတွက်လည်း လျော့ချခဲ့တဲ့အပြင် သံတမန်ဆက်ဆံရေးလည်း ဆုတ်ဆိုင်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံဟာ တရုတ်၊ ရုရှား ဆက်ဆံရေးတိုးမြှင့်လာနေပြီး၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု တိုးမြှင့်လာနေတာကို အမေရိကန်က အနီးကပ်လေ့လာနေတယ်လို့ ဆိုပါတယ်။

အခု လဆန်းပိုင်း ထိုင်း ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Prawit WoongSuwon ဟာ ကြည်း၊ရေ၊ လေ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ တရုတ်ပြည်ကို သွားရောက်လည်ပတ်ခဲ့သလို၊ တရုတ်ပြည်ကလည်း အပြန်အလှန်လည်ပတ်ခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ အဖွဲ့ရဲ့ခရီးစဉ် ရည်ရွယ်ချက်က တရုတ်စစ်လက်နက်ပစ္စည်း တွေကို ၀ယ်ယူဖို့နဲ့ စစ်ရေးဆိုင်ရာ လေ့ကျင်မှုတွေမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီ

No comments:

Post a Comment