Wednesday 22 April 2015

ဆန္ဒထုတ်ဖော်မှု အများဆုံးဖြစ်ပွားရာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကို ပြောင်းရွှေ့

ရန်ကုန်မြို့တော်တွင် ဆန္ဒဖော်ထုတ်မှု အများဆုံးဖြစ်ပွားသော နယ်မြေဖြစ်သည့် ရန်ကုန်အနောက်ပိုင်း ခရိုင်မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကို ဧပြီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင်သို့ မူလရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်း အဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

“ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ပြည်သူလူထု ယုံကြည်လာအောင် လုပ်တဲ့နေရာမှာ ဒုတိယ ရဲမှူးကြီး ဝင်းကြည်က စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပြည်သူ့လုံခြုံရေး အပေါ် အမြဲ အာရုံ စိုက် သူပါ၊ တပ်ဖွဲ့ဝင်တွေ အပေါ်မှာလည်း ခေါင်းဆောင်ကောင်း ပီသသူ။ ခုလို ရုတ်တရက် နယ်မြေ ပြောင်းရွှေ့ ခံရတာက ခန်းမအရှေ့မှာဖြစ်ခဲ့တဲ့ လက်ပတ်နီကိစ္စလို့ ယူဆတယ်။ လက်ပတ်နီတွေကို စေခိုင်း ခဲ့တာ ရဲတပ်ဖွဲ့က မဟုတ်ဘူး၊ ဘယ်သူတွေ ခိုင်းတယ်ဆိုတာ ပြည်သူ တွေအသိပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အကြီးတန်း ရဲအရာရှိတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။ 

အဆိုပါ နယ်မြေ ပြောင်းရွှေ့ခံ ရသည့် ဒုတိယရဲမှူးကြီးမှာ မြို့တော်ခန်းမအရှေ့ လူတံတိုင်းဖြင့် ပိတ်ဆို့ ဆန္ဒပြခဲ့သည့် မိကျောင်းကန် သပိတ်စခန်းနှင့် မဟာဗန္ဓုလပန်းခြံဘေး တစ်နှစ် နီးပါးကြာ ဖွင့်လှစ်ခဲ့သည့် မိကျောင်းကန် သပိတ်စခန်းတို့ကို ပဋိပက္ခမဖြစ်စေဘဲ ဖျက်သိမ်းခဲ့ပြီး သီရိမင်္ဂလာဈေးသစ်မှ ဆက်ကြေး တောင်း မိုက်ကြေးခွဲ လူဆိုး လူမိုက်အဖွဲ့များ ပပျောက်စေရန် စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင်များ ထံမှ သိရှိရသည်။

ရန်ကုန် မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ညွန့်ကြားမှုဖြင့် လက်ပတ်နီဝတ်ထားသူများက အကြမ်းဖက် ဖြိုခွဲခဲ့ရာတွင် အဓိက တာဝန်ရှိသူ မဟုတ်သော အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးကို ကျားထိုးကျွေးသည့် သဘောဖြင့် ပြောင်းရွှေ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ပြောင်းရွှေ့ခံရသူ ဒုတိယရဲမှူးကြီး ဝင်းကြည်ထံ ဆက်သွယ်မေးမြန်း ခဲ့ရာ “ရန်ကုန် အနောက်ပိုင်းခရိုင်မှူးတာဝန် ၂ နှစ် ထမ်းခဲ့တယ်။ အခု ကျောက်ဖြူကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခိုင်းတာက အထက်အမိန့်အရပါ။ ဝန်ထမ်းဆိုတာ ကျရာနေရာမှာ တာဝန်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲလေ” ဟု ပြောကြားသည်။

ဒုတိယရဲမှူးကြီး ဝင်းကြည်မှာ အထက်တန်းရှေ့နေ စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ပြီး ဥပဒေရေးရာကို အမြဲ လေ့လာ လိုက်စားသူဖြစ်ကာ အဂတိ လိုက်စားမှုကင်းသူ ရဲဝန်ထမ်းတစ်ဦး အဖြစ် ကျော်ဇောခဲ့သူ ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည် ၏ နေရာတွင် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ထွဋ် ဝင်ရောက် တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အဆိုပါ ဒုတိယရဲမှူးကြီးကျော်ထွဋ်မှာ ယခင်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူး ရုံးတွင် ဒုတိယခရိုင်ရဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဒုတိယရဲမှူးကြီး ရာထူး အဆင့်တိုးကာ ကျောက်ဖြူ ခရိုင် ရဲတပ်ဖွဲ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“ဒုရဲမှူးကြီးဝင်းကြည်က မန္တလေးသား။ ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းက ပေါက်ဖွားခဲ့သူ။ သူတာဝန်ကျခဲ့တဲ့ ဒေသတွေမှာ ဥပဒေအတိုင်း မှန်ကန်စွာ ကျင့်သုံးခဲ့သူတစ်ဦးပါ။ သူ့နယ်မြေ အပိုင်မှာ လက်ပတ်နီကိစ္စ ဖြစ်ပြီး သိပ်မကြာဘူး။ သူ့ကို တခြားတစ်နေရာ ပြောင်းရွှေ့ခိုင်းတာက သူ့ Image ကို ထိခိုက်စေတယ်။ လက်ပတ်နီကို ရဲက စေခိုင်းလို့မရဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြား သည်။

The Voice Weekly 

No comments:

Post a Comment