Wednesday 22 April 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ရလဒ်များ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် ထည့်သွင်းမည်

မတ်လအတွင်း ကျင်းပရန်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲရလဒ်များထည့်သွင်းရန် စောင့်ဆိုင်း နေကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

“ကော်မတီ (အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော် မတီ) က အခုထိ ကျွန်တော်တို့ဆီ မူကြမ်း တရားဝင် မတင်သေးဘူး။ ခြောက်ပွင့်ဆိုင် ရလဒ်ကို စောင့်ရမှာပေါ့” ဟု ၎င်းက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်း ရောက်ရှိလာပါကလည်း လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများ အတိုင်း အစီရင်ခံ စာတင်ပြ၍ အဆင့်ဆင့် ပြုလုပ်သွားရမည် ဖြစ်ကြောင်း ဦးစောလှထွန်းက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က အဆိုပါ ဥပဒေကြမ်းတွင် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့၏ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်များကို စောင့်ဆိုင်းရန် လိုအပ်နေကြောင်း ထပ်လောင်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံ၏ ရှေ့ရေး အတွက် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး မကြာမီ ထပ်မံတွေ့ဆုံ မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူက ထုတ်ဖော် ပြောဆိုထားသည်။

ယင်းခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တွင် ၄၃၆(က) (ခ)၊ ပြည်ထောင် စုနှင့် ပြည်နယ်များအကြား အခွန်၊ ဝင်ငွေခွဲဝေမှုများ ဖြစ်သည့် ဇယား (၁) နှင့် (၂) များလည်း ပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးအေးမောက်က ပြောကြားသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် အတားအဆီး ဖြစ်နေသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး၊ မပြင်ဆင်နိုင်ရေးသည် သေချာပေါက် ပြောဆို၍ မရနိုင်ကြောင်း ၎င်းကဆိုသည်။

“ဖြစ်ချင်လည်းဖြစ်နိုင်သလို အပြင်က ကြည့်ရင်လည်း ခက်ခဲနိုင်တယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက သုံး သပ်သည်။အခြေခံဥပဒေ ပြင်ဆင်ရေး ကို လာမည့် မေလ ၁၁ ရက်နေ့တွင် စတင် ကျင်းပမည့် (၁၂) ကြိမ် မြောက် ဒုတိယအပတ် အစည်းအဝေးတွင် စတင်ဆွေးနွေးဖွယ် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment