Wednesday 4 February 2015

ဓားစာခံ ဂျော်ဒန်လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရပြီးနောက် အိုင်အက်စ်ကတောင်းထားသည့် သေဒဏ်ကျအကျဉ်းသားများကို ဂျော်ဒန် ကွပ်မျက်

ဂျော်ဒန်လေယာဉ်မှူး မိုအက်ဇ်အယ်ကဆတ်ဘာအား အိုင်အက်စ်အဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယို အွန်လိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ထိုလေယာဉ်မှူးသေဆုံးကြောင်း ဂျော်ဒန်အစိုးရက အတည်ပြုလိုက်ပြီး ယနေ့နံနက်အစောပိုင်းတွင် အိုင်အက်စ်မှ တောင်းခံထားသည့် အကျဉ်းသားအပါအဝင် နှစ်ဦးကိုလည်း ဂျော်ဒန်အစိုးရက သေဒဏ်စီရင်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

ဂျော်ဒန်လေယာဉ်မှူး အယ်ကဆတ်ဘာမှာ မကြာမီက နောက်ဆုံးကျန်သည့် ဂျပန်ဂျာနယ်လစ် ကင်ဂျီဂို တိုနှင့် အတူ ဒေါ်လာ သန်း ၂၀၀ ဖြင့်ပြန်ရွေးရန် အိုင်အက်စ်က တောင်းခံခဲ့သူဖြစ်သည်။

ထို့နောက် ဂျပန်ဂျာနယ်လစ်ကို သတ်ဖြတ်ခဲ့ပြီးနောက် အိုင်အက်စ်က ကဆတ်ဘာကို ဂျော်ဒန်တွင် သေဒဏ် အမိန့်ချထားသည့် အသေခံဗုံးခွဲသူ ဆာဂျီဒါအယ်ရီရှော်ဝီနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ဂျော်ဒန်အစိုးရဘက်ကကြိုးပမ်းမှုကို အိုင်အက်စ်ကလက်မခံဘဲ လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ကာ သုတ်သင်လိုက်ကြောင်း ဗီဒီယိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဂျော်ဒန်အာဏာပိုင်များကလည်း ထိုဗီဒီယိုတွင် အသတ်ခံရသူမှာ ကဆတ်ဘာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် နာရီအနည်းငယ်အတွင်းမှာပင် အိုင်အက်စ်ကတောင်းဆိုခဲ့သည့် ရီရှော်ဝီနှင့် အခြားအကျဉ်းသားတစ်ဦးဖြစ်သည့် ဇီယတ်ကာဘိုလီတို့ နှစ်ဦးစလုံးကို ယနေ့ အရုဏ်တက်အချိန်တွင် ပြန်လည်လက်တုံ့ပြန် ကွပ်မျက်ပြခဲ့ခြင်းဖြစ်သည်။

ရီရှော်ဝီနင့် ကာဘိုလီတို့ နှစ်ဦးစလုံးမှာ အီရတ်နိုင်ငံသားများဖြစ်ကြသည်။ ရီရှော်ဝီမှာ အမ္မန်မြို့တော်အနီး ၂၀၀၅ က လူခြောက်ဆယ်သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အသေခံဗုံးခွဲရေး သမားဖြစ် သည်။ ကာဘိုလီမှာ ၂၀၀၈ တွင် ဂျော်ဒန်နိုင်ငံသားတစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထား ရသူဖြစ်သည်။

လေယာဉ်မှူး ကဆတ်ဘာကို လှောင်အိမ်တစ်ခုထဲတွင်ချုပ်နှောင်ကာ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ် ထားသည့် ဗီဒီယိုဖိုင် ထွက်လာပြီးနောက် အိုင်အက်စ်အဖွဲ့အား မြေလှန်ရှာတိုက်ခိုက်သွားမည်ဟု ဂျော်ဒန် အာဏာပိုင်များက ကြုံးဝါးခဲ့သည်။ 

‘‘သူသွေးမြေကျခဲ့ရတာဟာ အချည်းနှီးမဖြစ်စေရပါဘူး။ ကျွန်တော်တို့ရဲ့ အပြစ်ပေးမှုနဲ့ လက်စားချေတုံ့ပြန်မှု ကလည်း ဂျော်ဒန်နိုင်ငံသားတွေ အသက်ဆုံးရှုံးရသလောက်ကို အကြီးကြီးလုပ်ဆောင်သွားမှာပါ”ဟု ဂျော်ဒန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်မမ်ဒို အယလ်အမာရီက ပြောသည်။

_Ref: BBC
7Day Daily

No comments:

Post a Comment