Wednesday 4 February 2015

ရခိုင့်တော်လှန်ရေးသမား ဦးထွန်းရဲ ဘင်္ဂလာဒေခ်ျ့တွင် ကွယ်လွန်

နှစ်ပေါင်းမြောက်များစွာ ရခိုင့်အမျိုးသားရေးတော်လှန်ရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သူ တစ်ဦးဖြစ် သော ဦးထွန်းရဲသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဦးထွန်းရဲမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၉ နာရီခွဲတွင် ကော့စ်ဘာဇားမြို့ ရှိ တောကျောင်း ဘုန်းတော် ကြီးကျောင်းတွင် တီဘီရောဂါကို ဆေးကုသမှုခံယူ နေရင်း ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်သွားသည့် ဦးထွန်းရဲမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားရွာ ဇာတိဖြစ်ပြီး ၁၉၆၉ ခုနှစ် ခန့်တည်းက ရခိုင်ပြည် အမျိုးသား လွတ်မြောက်ရေး ပါတီ (ရမလပ)သို့ ၀င်ရောက်ပြီး အမျိုးသား တော် လှန်ရေးတွင် စတင်ပါဝင်ခဲ့သည်။

ယင်းနောက် နေ၀င်းအစိုးရမှ ပြည်တွင်းရှိ တိုင်းရင်းလသား လက်နက်ကိုင်တပ်ဖွဲ့များကို အပြင်း အထန်နှိမ်နှင်းသည့် ဖြတ်လေးဖြတ် စီမံကိန်းတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရောက်ရှိလာပြီး (ရမလပ) ပါတီတွင် ဗဟိုကော်မီတီဝင်တစ်ဦးအဖြစ် အမျိုးသားတော်လှန်ရေးကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

“ ဦးထွန်းရဲဟာ ငယ်ကတည်းက ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့တယ်။ မြစ်ဝကျွန်းပေါ် ဒေသ KNDO ဆီသွားပြီး တပ်ထောင်ဖို့ကြိုးစားခဲ့တယ်။ နောက်ပြီး KNU နယ်မြေထဲမှာရှိတဲ့ ALP နဲ့ ရမလပ ပေါင်းစည်းရေးအတွက် ရမလပ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့တယ်။ နောက်ပြီး ဘင်္ဂလား ဒေ့ခ်ျ နယ်စပ်ကိုလာပြီး တပ်တည်ဆောက်ရေး မှာလည်း ALP နဲ့ ရမလပ ပူးတွဲတပ်မှာ တာဝန်ယူ ခဲ့သူ တစ်ဦးဖြစ်ပါတယ်” ဟု လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဦးမြ၀ါက ပြောသည်။

ဦးထွန်းရဲနှင့် ပတ်သတ်ပြီး အမှတ်ရစရာများကိုလည်း ဦးမြ၀ါက ယခုလို ပြောသည်။

“ ဦးထွန်းရေးဟာ ပေးအပ်တဲ့တာဝန်များကို ကြေပြွန်စွာထမ်းဆောင်ခဲ့သူဖြစ်တယ်။ အိန္ဒိယကို တာဝန် ပေးရင်လည်း ရောက်အောင်သွားတယ်။ အဖမ်းခံတယ်။ ထောင်ကျတယ်။ ဒါပေမယ့် ဆက်ပြီး ဆောင်ရွက် တာပါဘဲ။ ထိုင်းနယ်စပ်ကို လွတ်ရင်လည်း ရောက်အောင်သွားပြီး ပါတီ တာဝန်တွေကို ထမ်းဆောင် ခဲ့သူဖြစ်တယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ်တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံနယ်စပ်တွင် ရပ်တည်ခဲ့သော ရမလပ၊ ရကပ၊ ALP ၊AIO ၊TNP စသည် ရခိုင်လက်နက် ကိုင်တပ်ဖွဲများကို ပေါင်းစည်းပြီး (NUFA) တပ်ဦးဖွဲ့စည်းရာတွင်လည်း ဗဟိုကော်မီတ၀င်တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် စစ်ဦးစီးချုပ် ဗိုလ်ရာဇာ ဦးဆောင် သည့် ရခိုင့်တပ်မ တော် (AA)အပါအ၀င် ရခိုင်လက် နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသား ညီညွတ် ရေးပါတီ (NUPA) ဖွဲ့စည်းစဉ်ကလည်း ဗဟိုကော်မီတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးထွန်းရဲသည် သူ၏ဘ၀တစ်လျှောက်လုံးကို အမျိုးသားရေးတော်လှန်ရေး အဆက်ဆက်တွင် ပါဝင် ကုန်လွန်စေခဲ့ပြီး ကွယ်လွန်ချိန်အထိ ဦးမြ၀ါ ဦးဆောင်သည့် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးထွန်းရဲ ကွယ်လွန်ချိန်တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်တန်းဒေသ နတ်ကျောက်ဆိုးရီမြို့နယ် မရှက် ချောင်း ကျောင်းနားရွာတွင် ဇနီးဖြစ်သူ ဒေါ်မသာဝေနှင့် သမီးနှစ်ဦးနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီးဖြစ်သည်။

ဦးထွန်းရဲ၏ ရုပ်အလောင်းကို ဖေဖေါ်ဝါရီလ ၅ ရက် နေ့လယ်တွင် မိသားစုဝင်များနှင့်အတူ သူ၏လုပ်ဖော် ကိုင်ဖက်များနှင့် ဘင်္ဂလာရောက် ရခိုင်တော်လှန်ရေးအင်အားစုများ စုံညီတက်ရောက်ပြီး ကော့စ်ဘာဇားမြို့တွင် သဂြိင်္ုလ်မည်ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ

No comments:

Post a Comment