Wednesday 4 February 2015

ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသားနှင့် အတူနေလို့ရပါသလား။

ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာ လည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်း ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေ တာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် တခုခုရှိနေရင်။ ဥပမာ - ကိုယ်ဝန်ပျက်တာ၊ လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ သုတ်ပိုး ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။
ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။
ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက် လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ ပုံစံများ ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။

ကေိုယ်ဝန်ဟာ ပုံမှန်အတိုင်း ဆက်လက်ကြီးထွားနေမယ်ဆိုရင် အရင်လိုနေနိုင်တယ်။ ဘယ်လောက် အကြိမ်ဖြစ်ဖြစ် ရတယ်လို့ ပြောတာပါဖြစ်တယ်။ ဒါပေမဲ့ အရင်လိုတော့ မနေချင်၊ မနေနိုင်ကြပါ။ ကိုယ်ဝန်ဆောင်စမှာ ဟော်မုန်း အပြောင်းအလဲတွေ ရှိလာတယ်။ ပျို့ချင်-အန်ချင်လို့ အနေရခက်တာမို့ ဘာစိတ်မှ မကူးချင်ဘူး။ အားကုန်သလိုလဲ နေသေးတယ်။ ဒုတိယ ၃ လပိုင်းရောက်ရင် သွေးလှည့်ပတ်မှုက မျိုးပွါးလမ်းနေရာတွေမှာ ပိုလာတယ်။ လိင်အင်္ဂါတွေဖြစ်လို့ လိင်စိတ် ဖြစ်ပေါ်မှု ပြန်ရလာမယ်။ တတိယ ၃ လပိုင်းရောက်ရင် ကိုယ်အလေးချိန်တက်လာမယ်၊ ခါးနာမယ်၊ ခြေသလုံးသားတွေ ကြွက်တက်ပြီး နာမယ်။ ဒါကြောင့် အဲဒီ စိတ်ကူးမျိုးတွေ နည်းလာနိုင်တယ်။

-ကိုယ်ဝန်ပျက်စေသလား
စိုးရမ်စရာ မလိုသလောက်ပါ။ ကိုယ်ဝန်နုတုံးပျက်တာ အများစုကြီးက ခရိုမိုဇုမ်း မမှန်လို့ နဲ့ ကလေး ချို့ယွင်း ချက် တွေကြောင့်သာ ဖြစ်ပါတယ်။ အတူနေကြလို့ မဟုတ်ပါ။

-ကလေးကိုထိခိုက်မလား
သားအိမ်ထဲမှာ ရေမြွာအိတ်ထဲမှာ မမွေးမချင်း မပေါက်သေးသမျှ ကလေးက လုံလုံခြုံခြုံနေတယ်။ ရေမြွအိတ်က မထူပေမဲ့ ခိုင်ခန့်တယ်။ ဒါအပြင် သားအိမ်အဝကိုလဲ အချွဲခပ်ပြစ်ပြစ်က ဆို့ပိတ်ပေး ထား သေး တယ်။ ဒါကြောင့် ဆက်ဆံမှုကြောင့် ကလေးကို ထိခိုက်စရာ မရှိပါ။
-ဆက်ဆံတဲ့ အနေအထား
ကိုယ်ဝန်ဆောင်နေသူ သက်တောင့်သက်သာရှိတဲ့ အနေအထားမှန်သမျှ ကိုယ်ဝန်အတွက် စိုးရိမ်ဘို့ မလိုပါ။ အပြောင်းအလဲရှိတာနဲ့အညီ ကြံဆပြီး နည်းလမ်းရှာတာလဲ ပညာရှိရာကျပါမယ်။ (၁) မှာ ရေးထားပါတယ်။

- အဆန်းနည်းတွေ
ပါးစပ်သုံးတာ ကိစ္စမရှိပါ။ သတိထားစရာတော့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်က လက်ခံသူဆိုရင် အဖေါ် ကနေ လေမှုတ် သွင်းတာ မလုပ်ဘို့လိုတယ်။ စအိုလမ်းတွေကို အန္တရာယ် မရှိဘူးလို့ မပြောနိုင်ပါ။ သက် တောင့် သက်သာလဲ မရှိစေပါ။ သိထားဘို့က ကိုယ်ဝန်မှာ လိပ်ခေါင်း အနည်းနဲ့ အများဖြစ်တယ်။ ဒါ့အပြင် ကူးစက်ရောဂါ ပိုပြီး ဖြစ်လွယ်သေးတယ်။

-ကွန်ဒွမ် သုံးဘို့လိုသလား
အဖေါ်မှာ လိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင် ကိုယ်ဝန်ဆောင်ကို ကူးစက်လာနိုင်တယ်။ ကလေး အတွက်လဲ ပြောမရတာတွေ ရှိတယ်။ ဒါကြောင့် ယောက်ျားဆီက မသေခြာရင် (ကွန်ဒွမ်) သုံးရမယ်။
-လိင်ဆန္ဒပြည့်ဝတာကနေ ကလေးမွေးစေအောင်ဖြစ်စေသလား
လိင်စိတ်ပြည့်ဝရင် သားအိမ်ကြွက်သားတွေ ညှစ်စေနိုင်တယ်။ ဒါပေမဲ့ မွေးချင်လို့ ညှစ်တာနဲ့ မတူပါ။ ဒါကြောင့် လိင်စိတ်ပြည့်ဝလို့ ကလေးစောမွေးတာ၊ ပျက်တာမဖြစ်နိုင်ပါ။
-လိင်မဆက်ဆံဘဲ နေရမဲ့ကန့်သတ်မှုရှိသလား
ကလေး စောမွေးနိုင်ခြေရှိနေသူ၊
မွေးလမ်းကနေ သွေးဆင်းနေသူ၊
ရေမြွာရည် ဆင်းနေသူ၊
သားအိမ်အဝ စောပွင့်နေသူ၊
အချင်း အနေအထား မမှန်သူ၊ ဒီလိုအခြေအနေမှာ ရှောင်ရပါမယ်။
-ကိုယ်ဝန်ဆောင်နေချိန် ဆက်ဆံမှု လုံးဝမလုပ်ရင်
ကျန်းမာရေးအရ ဘာမှ မဖြစ်ပါ။ လင်-မယားဆက်ဆံရေးဆိုတာ လိင်အင်္ဂါချင်း ဆက်ဆံမှုတခုထဲ မဟုတ်ပါ။ နှစ်ယောက်သား နားလည်မှုတော့ ယူကြရပါမယ်။
-ကလေးမွေးပြီးရင်ကော
ဘယ်နည်းနဲ့ ကလေးဖွါးသလဲအပေါ်မူတည်တယ်။ ဗိုက်ခွဲမွေးရရင် အပြင်နာ၊ အတွင်းနာတွေ ကောင်းကောင်းကျက်အောင် စောင့်ရမယ်။ ၄-၆ ပါတ် ကြာမယ်။ မွေးလမ်းချဲ့မွေးလို့ ပြင်ချုပ်ရရင်လဲ အနာကောင်းကောင်း ကျက်အောင် စောင့်ရမယ်။ ဒါလဲ ၄ ပါတ် အနည်းဆုံးကြာမယ်။ ဇနီးသည်အပေါ် အဓိကမူတည်တယ်ဆိုတဲ့ ဦးစားပေးမှု ထားသင့်တယ်။ နောက်ကိုယ်ဝန် ဆက်ယူ-မယူ ကြိုတင် ပြင်ဆင်မှုရှိရမယ်။ ကလေးဖွါးပြီး ၆ ပါတ်နေရင် နောက်ကိုယ်ဝန် ရနိုင်ခြေရှိတာ သတိပြုပါ။

Dr. တင့်ဆွေ

No comments:

Post a Comment