Wednesday 28 January 2015

သာသနာကို အကြောင်းပြပြီး ထင်သလို မနေရန် ရွှေကျင်ဂိုဏ်း ဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃအစည်းအဝေးကြီးကို မှောဘီမြို့၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ဇန်နဝါရီ ၂၇ ရက်က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 
သာသနာကို အကြောင်းပြပြီး ထင်သလိုမနေကြရန် သက်တော် ၉၈ နှစ်၊ ဝါတော် ၇၉ ဝါရှိပြီဖြစ်သည့်
ရွှေကျင်နိကာယဂိုဏ်း၏ ဥက္ကဋ္ဌ ဆရာတော်ကြီးဖြစ်သော မန္တလေးမဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ သက်တော် ရှည် ဝါဆိုဆရာတော် ဘန္ဒန္တအဂ္ဃိယ မဟာထေရ်က ဇန်နဝါရီ ၂၇ ရက် တွင် မိန့်ကြားလိုက်သည်။

''ဒီခေတ်ကြီးထဲမှာ သာသနာကိုမှီပြီးတော့၊ သာသနာအသံပေးပြီးတော့ ထင်သလိုနေကြမှာလား'' ဟု ဝါဆိုဆရာတော်ကြီးက မိန့်ကြားသည်။

ဇန်နဝါရီ ၂၇ ရက်က မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ပြည်ပမှ သံဃာတော် အပါး (၃ဝ)ကျော် အပါအဝင် စုစုပေါင်း သံဃာအပါး ၈ဝဝ ကျော် တက်ရောက်သည့် (၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာလုံးဆိုင်ရာ ရွှေကျင်နိကာယသံဃ အစည်းအဝေးတွင် ထိုသို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

သုံးရက်ကြာကျင်းပမည့် အဆိုပါအစည်းအဝေးတွင် ချမှတ်မည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာ ကျင့်သုံးရန်လည်း ဆရာတော်ကြီးက မိန့်ကြားခဲ့သေးသည်။

ယင်းအစည်းအဝေးတွင် စာတမ်းနှစ်ခု ဖြစ်သော 'မျက်မှောက်ခေတ်သာသနာရေး နှင့် ရွှေကျင်ဂိုဏ်း'နှင့် 'ရွှေကျင်ဂိုဏ်း စတင် ဖြစ်တည်မှုနှင့် တိုးတက်ပြန့်ပွားမှု' စာတမ်းတို့ကို ရွှေကျင်ဂိုဏ်းဆရာတော်များဖြစ် သည့် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဆရာတော်နှစ်ပါးက တင်သွင်းခဲ့သည်။

သက်တော်(၉၈)နှစ်ရှိပြီဖြစ်သည့် ဝါဆိုဆရာတော်ကြီးသည် မိနစ်ပိုင်းသာ သြဝါဒ မိန့်ကြားခဲ့ပြီး အဖွင့်သြဝါဒ မိန့်ခွန်းကို ဆရာတော်၏ ကိုယ်စား သီတဂူဆရာတော် အရှင် ဥာဏိဿရက မိန့်ကြားသွားသည်။

အဆိုပါ မိန့်ခွန်းတွင် ''ရွှေကျင်ဂိုဏ်းသား အချင်းချင်းတို့သည် နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ အချင်းချင်း ကာယကံ မေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ ရှိကြရပါမည်'' ဟု ပါရှိသည်။

ရွှေကျင်ဂိုဏ်းသည် မြန်မာနိုင်ငံတွင် သံဃဂိုဏ်းပေါင်း ကိုးဂိုဏ်းရှိသည့်အနက် ဒုတိယသံဃာ အများဆုံး ရှိသည့် သံဃဂိုဏ်းတစ်ခု ဖြစ်သည်။

ယခုအစည်းအဝေးတွင် သံဃာတော်အပါး ၈ဝဝ ကျော်အပြင် လူပုဂ္ဂိုလ်များဖြစ်သည့် သာသနာရေးဝန်ကြီး ဦးစိုးဝင်း အပါအဝင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး နှင့် ဒါရိုက်တာဝိုင်းစသူတို့ တက်ရောက်ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment