Wednesday 28 January 2015

စစ်တွေတွင် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ဆန္ဒပြမည်

အမျိုးသားပညာရေးဥပေဒကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် ကျောင်းသားများ က  ယခုသီတင်းပတ်အတွင်း စစ်တွေမြို့၌ဆန္ဒပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂမှ သိရသည်။
ကျွန်တော်တို့က စစ်တွေမြို့မှာ ဒီအပတ် ဆန္ဒပြသွားမယ်။ ကျွန်တော်တို့ သတ်မှတ်ထားတာ ကတော့ သောကြာနေ့ လောက်မှာ ဆန္ဒပြဖို့ပါ။ ဒါပေမဲ့ ဒီကြားထဲမှာ အခြေအနေတွေ ပြောင်းလဲလာရင် သောကြာနေ့ မရောက်ခင်လည်း ဖြစ်သွား နိုင်တယ် ဟု ရခိုင်ပြည်နယ် ကျောင်းသား သမဂ္ဂမှ ဒုတိယ ဥက္ကဋ္ဌ ကိုမျိုးမင်းထွန်းက The Messenger Media သို့ ပြောသည်။ ထိုကဲ့သို့ ဆန္ဒပြရာတွင် ကျောင်းသား အင်အား (၂၀၀) မှ (၃၀၀)အထိ ပါဝင်ရန် ရည်ရွယ် ထားကာ စစ်တွေမြို့ တွင်သာ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ဗ.က.သများ အဖွဲ့ချုပ်နှင့် တကသများ ဦးဆောင်ကာ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ဆန္ဒပြလျက် ရှိပြီး ရက်(၆၀) ဆယ် အလွန် လှုပ်ရှားမှုများ အဖြစ် မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက် ဆန္ဒပြမှု များကို ဇန်န၀ါရီလ (၂၀) ရက်နေ့မှ စတင် လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ ဆန္ဒပြ ကျောင်းသားများ ရန်ကုန်သို့ ရောက်လာသည့် အခါ ထိုင်သပိတ် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆန္ဒပြ ကျောင်းသား များက ထုတ်ဖော် ပြောကြား ထားသည်။

ကျွန်တော်တို့ ဆန္ဒပြ လှုပ်ရှားတဲ့ ကျောင်းသားတွေ ရန်ကုန်သပိတ်မှာ သွားပြီး ပူးပေါင်းဖို့ ကိစ္စ ကတော့ ကျွန်တော်တို့ အစည်းအဝေး လုပ်ပြီး မှ ဆုံးဖြတ်ရ မှာပါ။ အဲဒီ ဆုံးဖြတ်ချက် အတိုင်း ဆက်လုပ် သွားမှ ဖြစ်ပါတယ်။ အခုတော့ အစည်းအဝေး မလုပ်ရသေး ပါဘူး ဟု ကိုမျိုးမင်းထွန်းက ပြောသည်။ ရခိုင် ပြည်နယ် ကျောင်းသားများ သမဂ္ဂသည် မကြာမီတွင် အမျိုးသား ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားထု ညီလာခံ တစ်ရပ် ကျင်းပနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment