Wednesday 28 January 2015

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အငြိမ့်ပွဲ မိန့်ခွင့်ပြုချက်မရ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသော်လည်း နေပြည်တော်ကောင်စီက အချိန်ကပ်မှ တားမြစ်ခဲ့ကြောင်း ပွဲစီစဉ်သူ ဦးမျိုးသိန်းက ပြောသည်။

ဦးမျိုးသိန်းက ''ကျွန်တော်တို့ ဇန်နဝါရီ ၁၂ ရက် ကတည်းက နေပြည်တော်ကောင်စီကို ပွဲမိန့်တင်ထား တာပါ။ ဒီကနေ့ (၂၇-၁-၂ဝ၁၅) ညနေ ၃ နာရီခွဲ ကျမှ ခွင့်မပြုဘူးလို့ အကြောင်းကြားတယ်'' ဟု မဇ္ဈိမကို ဖုန်းဖြင့် ဖြေကြားသည်။

ယင်းတားမြစ်မိန့်တွင် ဒေသတွင်း ကျောင်းသားများ အောင်ချက်မြင့်မားရေး စီမံကိန်းရှိသည်ဟု အကြောင်း ပြထားသည်ဟုလည်း ၄င်းက ဆိုသည်။

ပွဲစီစဉ်သူ ဦးမျိုးသိန်းက ''ကျွန်တော်တို့ ရက်တွေ ကြိုတင်ထားတာပဲဗျာ၊ တစ်ရက်၊ နှစ်ရက်တော့ ကြို ပြောသင့်တာပေါ့၊ ဗိုလ်ချုပ် ရာပြည့်ပွဲအတွက် မဖြစ်သင့်တဲ့ ကိစ္စတွေဗျာ၊ ဒီကွင်းမှာပဲ ပြီးခဲ့တဲ့ လွတ်လပ်ရေး နေ့ ဝန်းကျင်မှာ အောင်ပွဲခေါင်းစဉ်နဲ့  အခကြေးငွေယူပြတဲ့ ပွဲတွေ သုံးရက်လုပ်သွား ပါသေးတယ်၊ တချို့ ဒေသခံဆိုရင် အဲဒီပွဲကို သိတောင်မသိကြပါဘူး'' ဟု ရှင်းပြသည်။

ကိုပန်းသီးခေါင်းဆောင်သော ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင် ကန် (၁) ရပ်ကွက်၊ ပြည်သူ့ အားကစားကွင်းတွင် ဖျော်ဖြေရန် စီစဉ်ထားပြီး ယခုကဲ့သို့ တားမြစ်ခံရသော် လည်း အယူခံဝင်ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ဖျော်ဖြေရေးပွဲများအဖြစ် ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီတွင် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ရန်အောင်မြင် ရွှေလက်လှ ဘုရားပွဲတော်ကွင်း၌ မြန်မာ့ရိုးရာ မင်္ဂလာဆိုင်းများ၊ အငြိမ့်၊ ပြဇာတ်၊ အဆိုအကနှင့် အခြားယဉ်ကျေးမှုကပွဲ အစီအစဉ်များဖြင့် ဒေသခံတို့အား စတင်ဖြေဖျော် ခဲ့သည်။

အဆိုပါပွဲများ ကျင်းပသည့်ကပ်လျက် နေရာတွင် ဒေသအာဏာပိုင်တို့က စီစဉ်လိုက်သော တရားပွဲကြောင့် ပွဲချိန်များကို နောက်သို့ တစ်နာရီခန့် ရွှေ့ဆိုင်း ကျင်းပခဲ့ရကြောင်း သိရသည်။

Mizzima - News in Burmese 

No comments:

Post a Comment