Wednesday 28 January 2015

မြန်မာသံရုံး အဆောက်အအုံများ ၀ယ်ယူရန်နှင့် အသစ် ဆောက်လုပ်ရန် ငွေကျပ် သန်းပေါင်း (၂၅၀၀၀) ကျော် လျာထား

နိုင်ငံ ရပ်ခြားတွင် ရှိနေသည့် မြန်မာ သံရုံး အဆောက်အအုံ ၀ယ်ယူရန်နှင့် အသစ် ဆောက်လုပ်ရန် အတွက် ငွေကျပ်သန်းပေါင်း (၂၅၇၀၈ ဒသမ ၉၀) သန်းကို ထည့်သွင်း လျာထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောသည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် များက လွှတ်တော်တွင် ရှင်းလင်း ပြောဆိုရာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သံရုံး အဆောက်အအုံများ ၀ယ်ယူခြင်းနဲ့ အသစ် ဆောက်လုပ်ခြင်းဖြင့် သံရုံး အဆောက်အအုံ ငှားရမ်း ခများ၊ သံရုံးဝန်ထမ်းများ နေအိမ် ငှားရမ်းခများ လျော့နည်း သွားမှာ ဖြစ်စေလို့ နိုင်ငံတော်ဘဏ္ဍာကို များစွာ သက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံရုံး အဆောက်အအုံများ ၀ယ်ယူခြင်း၊ အသစ် ဆောက်လုပ်ခြင်း လုပ်ငန်းများကို မဖြစ်မနေ ပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ ထည့်သွင်း လျာထားခဲ့ခြင်း ဖြစ်ပါတယ် ဟု နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးက လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံရုံး အဆောက်အအုံများ ၀ယ်ယူ ပြုပြင် မွမ်းမံမည့် မြို့များမှာ တိုကျိုမြို့ရှိ မြန်မာ သံရုံး အဆောက်အအုံ အသစ် ဆောက်လုပ်ခြင်း၊ ကမ်ပါရာမြို့ရှိ မြန်မာသံရုံး အကြီးအကဲ နေအိမ် ဆောက်လုပ်ခြင်း၊ ဗီယက်နမ်မြို့ရှိ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး အတွက် ရုံးအဆောက် အအုံအသစ် ၀ယ်ယူခြင်း၊ ရောမမြို့ရှိ မြန်မာ သံရုံး အတွက် သံရုံး အဆောက်အအုံ ၀ယ်ယူခြင်း၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အဆောက် အဦ အသစ် တည်ဆောက်ရန်နှင့် ကိုင်ရို မြို့ရှိ မြန်မာသံရုံး အဆောက်အအုံ အကြီးစား မွမ်းမံမှု များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

ထို့ပြင် မြန်မာ သံတမန်နှင့် ကောင်စစ် ၀န်ရုံး များ၏ ဆောက်လုပ်ရေး လုပ်ငန်းများ ခေါင်းစဉ် အောက်တွင် (၇၄၈ ဒသမ ၁၉) သန်းကို ထည့်သွင်း လျာထားပြီး၊ ယင်းငွေ များဖြင့် လန်ဒန်မြို့ရှိ မြန်မာသံရုံး ပြုပြင်ရန်၊ ပါရီမြို့ရှိ သံရုံး အကြီးအကဲ နေအိမ် ပြုပြင်ရန်၊ ဆိုးလ်မြို့ ရှိ မြန်မာသံရုံး ပြုပြင်ရန်၊ တိုကျို မြို့ရှိ သံရုံး အကြီးအကဲ နေအိမ် ပြုပြင်ရန်၊ ၀ါရှင်တန် မြို့ရှိ မြန်မာ သံရုံး အဆောက်အအုံ အကြီးစား မွမ်းမံရန်၊ ဟောင်ကောင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး နိုင်ငံတော်ပိုင်အိမ် ပြုပြင်ရန်၊ ဗီယမ်ကျင်းမြို့ရှိ မြန်မာသံရုံး နိုင်ငံတော်ပိုင် နေအိမ် အဆောက်အအုံများ ပြုပြင်ရန်၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံး ပြုပြင်ရန်တို့ အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အဆောက်အအုံများ ပြုပြင် မွမ်းမံခြင်းဟာ နိုင်ငံတော် အဆောက်အအုံများ ရေရှည် တည်တံ့ ခိုင်မြဲရန်နှင့် နိုင်ငံတော်ရဲ့ မျက်နှာစာ ဖြစ်တဲ့ မြန်မာသံရုံး များကို ကမ္ဘာ့ အလယ်မှာ အမြင်တင့်စေရန် ရည်ရွယ်ပြီး မဖြစ်မနေ ထည့်သွင်း လျာထား ရခြင်း ဖြစ်ပါတယ် ဟု နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ဒုတိယ ၀န်ကြီး ဦးတင်ဦးလွင်က ဆိုသည်။

Messenger News Journal 

No comments:

Post a Comment