Wednesday 28 January 2015

မောင်တောတွင် ဘင်္ဂါလီ နိုင်ငံသား လျှောက်ထားသူ (၃၆) ဦးရှိ

နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားရာတွင် အချင်းချင်း အငြင်းပွားမှုရှိ နေသော မောင်တောမြို့မှ ဘင်္ဂါလီ လူမျိုး နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ (၃၆) ဦးအထိ ရှိလာပြီး၊ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဘင်္ဂါလီ လူမျိုး အဖြစ် နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာ လက်ခံသူ (၆၃)ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

တချို့ မြို့နယ်တွေ ကျတော့ သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာပဲ၊ ဘင်္ဂါလီ ဆိုပြီး မလျှောက်တဲ့ မြို့နယ်တွေလည်း ရှိတယ်။ တချို့ ကလည်း စောင့်ကြည့် နေတယ်။ သူတို့ဘာနဲ့ပဲ လျှောက်လျှောက် ကျွန်တော်တို့က စိစစ်ပြီးမှ စာရင်းသွင်းမှာ။ သူတို့ ကမန်နဲ့ လျှောက်လည်း ကျွန်တော်တို့က ဘင်္ဂါလီနဲ့ပဲ လက်ခံ တယ်ဆိုရင် သူတို့ ပြင်ပြီး လျှောက်တာတွေ ရှိပါတယ် ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးက The Messenger Media သို့ ပြောသည်။

လက်ရှိ အခြေအနေတွင် ဇန်န၀ါရီလ (၂၇) ရက်နေ့ အထိ ရခိုင် တစ်ပြည်နယ်လုံးတွင် ဘင်္ဂါလီ လူမျိုး အနေဖြင့် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားမှု လက်ခံသူ (၆၃)ဦး၊ ကမန် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားမှု လက်ခံသူ (၂၅၆) ဦးထိ ရှိပြီး၊ လျှောက်ထားရန် တင်ပြ သူများကိုလည်း စိစစ်ပြီး၊ ဆက်လက် လက်ခံ သွားမည် ဖြစ်ကြောင်း ဦးခင်စိုးက ပြောသည်။

ထိုကဲ့သို့ ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့်ကို ယခုနှစ်တွင် နှစ်ကြိမ် လက်ခံ သွားမည် ဖြစ်ပြီး၊ တစ်ဖြတ်လျှင် ခြောက်လခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်ကျောက်ဖြူ မြို့၌ ဘင်္ဂါလီဖြင့် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ (၅၄)ဦး၊ ကမန်ဖြင့် လျှောက်ထားသူ (၁၆၅)ဦး၊  သံတွဲမြို့တွင် ဘင်္ဂါလီ အနေဖြင့် လျှောက်ထားသူ ခုနစ်ဦး၊ ကမန်ဖြင့် နှစ်ဦး ရှိကာ ရမ်းဗြဲမြို့တွင် ဘင်္ဂါလီဖြင့် လျှောက်ထားသူ မရှိဘဲ ကမန်ဖြင့် လျှောက်ထားသူ (၆၀) ဦး ရှိကြောင်း သိရသည်။

အသေအချာ စီစစ်ဖို့ လိုတယ်။ စစ်တွေ မှာတော့ အသံ မကြားသေးဘူး။ ကမန်ရွာတွေလည်း ရှိတယ်။ တချို့ဘင်္ဂါလီတွေက အချင်းချင်း အငြင်းပွားမှု တွေလည်း ရှိနေတယ် ဟု စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက The Messenger Media သို့ ပြောသည်။ ရခိုင် ပြည်နယ်တွင် ဘင်္ဂါလီများနိုင်ငံ သားစစ်ဆေးခြင်း လုပ်ငန်းကို မြေပုံမြို့တွင် စတင် လုပ်ဆောင်ကာ ဘင်္ဂါလီ လူမျိုး (၄၀) ဦးကို နိုင်ငံသား ဖြစ်ခွင့်၊ (၁၉၆) ဦးကို နိုင်ငံသား ပြုခွင့်ပေး ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြေပုံ ဒေသခံ များက ဆန္ဒပြခဲ့ ကြသည်။ ရခိုင် ပြည်နယ်တွင် ဘင်္ဂါလီ ဦးရေ တစ်သန်းခန့်ရှိ နေပြီး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်း (၄၃)ခုရှိသည်။

Messenger News Journal 

No comments:

Post a Comment