Wednesday 2 July 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟာ စိနပဘာ ရွှေတိဂုံ ပုံတူ စေတီတော် ရွှေထီးတော်တင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညို

ဇွန် ၃ဝ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဟေနန်ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာ မင်္ဂလာ အခမ်းအနားနှင့် သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနား များကို ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြည်ညို ခဲ့ကြသည်။


အခမ်းအနားတွင် မြင်းဖြူကျောင်းတော် အတွင်းရှိ မဟာစိနပဘာ စေတီတော် ပရဝဏ်အဝင် မင်္ဂလာမုခ်ဦး ကို နိုင်ငံတော် သမ္မတ၏ သာသနာရေး ဆိုင်ရာ အကြံပေး အဖွဲ့ခေါင်းဆောင် သူရဦးမြင့်မောင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး ၊စေတီတော် တည်ဆောက်ရေး ကြီးကြပ်မှုနာယက သံအမတ်ကြီး( ငြိမ်း) ဦးတင်ဦး၊ ဟေနန်ပြည်နယ် အစိုးရ အဖွဲ့ ဒုတိယ မြို့တော်ဝန် မစ္စတာ ကျန်ကွမ်းကျိ၊ တရုတ်နိုင်ငံ သာသနာရေး ဗျူရို အတွင်းရေးမှူး မစ္စတာဝမ်ကျန့်နှင့် မြင်းဖြူကျောင်း ဆရာတော် ယင်းလီတို့က မင်္ဂလာ ဖဲကြိုးဖြတ် ၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက် မြင်းဖြူကျောင်း ဆရာတော် ယင်းလီ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တက်ရောက် လာကြ သူများသည် မင်္ဂလာမုခ်ဦးအား ပရိတ်နံ့သာရည် များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် စေတီတော် လိုဏ်တော်အတွင်း၌ ကိန်းဝပ် စံပယ်တော် မူမည့် ဓမ္မစက္ကမုနိ ကျောက်စိမ်းရုပ်ပွားတော်၊ ဈာနမုနိ စကျင်ရုပ်ပွားတော်၊ ဘူမိဖဿမုနိ ကျွန်းသား ရုပ် ပွားတော်နှင့် လာဘမုနိ ကြေးဆင်းတု ရုပ်ပွားတော်တို့အား သစ်သီး၊ ပန်းမန်၊ ရေချမ်းနှင့် ရွှေကြာသင်္ကန်း တို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။

မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် လိုဏ်အတွင်း၌ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက် ကျင်းပရာ မြန်မာ-တရုတ် နှစ်နိုင်ငံမှ ဆရာတော် သံဃာတော်များ ကြွရောက်တော် မူကြကာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်

ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ်နှင့် ပရိတ် တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တရုတ်နိုင်ငံ သာသနာရေး ဗျူရိုအဖွဲ့အကြီးအကဲ မစ္စတာ ဝမ်ဇိုအမ့်နှင့် မြင်းဖြူကျောင်းတိုက် ဆရာတော် ယင်းလီတို့က သာသနာရေး ဆိုင်ရာများကို ဖတ်ကြား လျှောက်ထားကြ သည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အထက် ဌာပနာတော်များကို လည်းကောင်း၊ မြင်းဖြူကျောင်းတိုက် ဆရာတော် ထံ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော်နှင့် သာသနိက အဆောက်အဦများ ဆိုင်ရာ မှတ် တမ်းဖိုင်၊ မြန်မာနိုင်ငံမှ စေတနာရှင် ပြည်သူများ လှူဒါန်းသည့် အလှူတော်ငွေ တရုတ်ယွမ်ငွေ ဆယ်သိန်း၊ ဗုဒ္ဓစွယ်တော် နှင့် ကျောင်းဆောင်တော် တို့ကို လည်းကောင်း နိုင်ငံတော် သမ္မတက ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် သိင်္ဂီဦးကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒောဘာသထံမှ နိုင်ငံတော် သမ္မတ အမှူးပြုသော ပရိသတ်များက လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် စေတီတော် အထွတ်တွင် တင်လှူ ပူဇော်မည့် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာတော် တို့ကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးဇေယျာအောင်နှင့် ဒေါက်တာမြင့်အောင်၊ နိုင်ငံတော် သမ္မတ၏ သာသနာရေး ဆိုင်ရာ အကြံပေး အဖွဲ့ခေါင်းဆောင် သူရဦးမြင့်မောင် တို့က ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီလေးပါး ဆိုင်ရာ ဌာပနာတော်များကို စေတီတော် အထက်ဌာပနာ၌ သွင်းလှူ ပူဇော်ကြသည်။

ယင်းနောက် ရွှေထီးတော် ဘုံဆင့်များ၊ ရတနာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့ကို မင်္ဂလာ ရထားပျံဖြင့် အဆင့်ဆင့် ပင့်ဆောင် တင်လှူတော် မူကြသည်။

ထို့နောက် မြန်မာ - တရုတ် နှစ်နိုင်ငံမှ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး သမိုင်းကြောင်းတွင် အကြီးမားဆုံးသော ဓမ္မလက်ဆောင်ဖြစ်သည့် မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော်အား ၂ဝ၁၂ ခုနစ် ဧပြီ ၁ဝ ရက်တွင် မြင်းဖြူ ကျောင်းတော်ပရဝဏ် အတွင်းရှိ မြေ ၁ ဒသမ ၇၃ ဧကပေါ်တွင် စတင် တည်ထားခဲ့ခြင်း ဖြစ်သည်။

စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁ဝ၈ ပေရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ကျွမ်းကျင် ပညာရှင်များက စုပေါင်း တည်ထားခဲ့ကြသည်။

အဆိုပါ စေတီတော်အား စေတနာထက်သန်သည့် နှစ်နိုင်ငံ အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေများဖြင့် တည်ထားတော် မူခြင်းဖြစ်သည်။

မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ပရဝဏ် ပတ်လည် အုတ်တံတိုင်းအား နန်းမြို့ရိုး ပုံဖော်ထားသည့် မုခ်ဦးလေးခုနှင့် နဂါးရုံဘုရား၊ ကျိုက်ထီးရိုး စေတီပုံတူများ တည်ထားပြီး မြန်မာမှု လက်ရာ သာသနိက အဆောက်အဦများကိုလည်း တည်ဆောက် ထားကြောင်း သိရှိရသည်။

မြင်းဖြူဘုရားကျောင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းဖြစ်ပြီး အေဒီ (၆၈)ခုနှစ် မင်ဧကရာဇ် လက်ထက် လော့ယန်မြို့၌ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ကိုင်နှင့် ချင် ပုဂ္ဂိုလ်နှစ်ဦးက ယခုအာဖဂန်နစ္စတန် နိုင်ငံဖြစ်သည့် ဒေသသို့ ရောက်ရှိကာ ၎င်းအရပ်တွင် ဗုဒ္ဓတရားတော်များ ဟောကြားလျက် ရှိသော အိန္ဒိယ ရဟန်းတော် နှစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး အေဒီ (၆၇)ခုနှစ်တွင် အဆိုပါ ရဟန်းတော်နှစ်ပါးအား ပင့်ဖိတ်၍ မြင်းဖြူပေါ်တွင် ပါဠိဘာသာဖြင့် ရေးထိုးထားသည့် ဗုဒ္ဓစာပေများနှင့် စကြာမုနိ ရုပ်ပွားတော်တို့ကို လော့ယန်မြို့သို့ ပင့်ဆောင်ခဲ့သည်။

တရုတ်ဧကရာဇ် မင်းကြီးက အဆိုပါ အာဂန္တု ရဟန်းတော်များအား နောင်တွင် မြင်းဖြူကျောင်းတော်ဟု ခေါ်တွင်မည့် ဘုရားကျောင်းတွင် တည်းခို နေထိုင်စေခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် များအား ပင့်ဆောင်ခဲ့သည့် မြင်းဖြူကို ဂုဏ်ပြု၍ မြင်းဖြူကျောင်းတော်ဟု အမည်မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

မြင်းဖြူကျောင်းတော်တွင် အဓိကခန်းမ အဆောက်အဦကို မင်အင်ပါယာ (၁၃၆၈ မှ ၁၆၄၄ ) ကာလနှင့် ချင်အင်ပါယာ ( ၁၆၄၄ မှ ၁၉၁၂ ) ကာလတွင် တည်ဆောက်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်နှင့် ၁၉၇၃ ခုနှစ်တို့တွင် ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားကျောင်းတွင် ရင်ပြင်ငယ်များ၊ ဥယျာဉ်များ ပါဝင်ပြီး အကျယ်အဝန်း ၃၂ ဧက (၁၃ ဟက်တာ)ရှိပြီး ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဗုဒ္ဓဘာသာ အဆောက်အဦ ပုံတူများကိုလည်း တည်ဆောက်ထား ကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment