Wednesday 2 July 2014

အစိုးရမှ ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ သုံးစွဲနေသည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို စစ်ဆေးနိုင်မည့် စာရင်းစစ်ချုပ် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်သွင်း

အစိုးရမှ ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ သုံးစွဲနေသည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို စစ်ဆေးနိုင်မည့် စာရင်းစစ်ချုပ် ဥပဒေကို ဇူလိုင် ၁ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

လက်ရှိ စာရင်းစစ်ချုပ် ဥပဒေတွင် ယင်းငွေကြေးများကို စစ်ဆေးနိုင်မည့် အခွင့်အရေး မရှိသဖြင့် စစ်ဆေး နိုင်ရန် မင်းလှမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ပြင်ဆင်တင်သွင်းခဲ့ခြင်း ဖြစ် သည်။

“ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ စာရင်းစစ်အဖွဲ့က နိုင်ငံတော်ရဲ့ အရအသုံး စာရင်းတစ်ခုကိုပဲ စစ်ဆေးရမယ်လို့ ပါပါတယ်။ နိုင်ငံတော်ရဲ့ အရအသုံး စာရင်းတစ်ခုထဲကို စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက်ကြောင့် ပေးအပ်ထားတဲ့တာဝန် ကျဉ်းမြောင်းတယ်လို့ ယူဆရပါတယ်။ နိုင်ငံရဲ့ စာရင်းကို ကြည့်မယ်ဆိုရင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးမှာ Non Budget ဆိုတဲ့ ငွေတွေဟာ ဘတ်ဂျက်မှာ မပါဘဲ ရှိပါတယ်။ Non Budget ဆိုတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ အနည်းနဲ့ အများရယ်၊ စစ်ဆေးတဲ့ စနစ်တွေရယ် ဒါပဲကွာပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ရဲ့ Non Budget မှာ ကြည့်မယ်ဆိုရင် ရငွေဟာ ၁၈ဝဝဝ ဘီလျံကျော်ဖြစ်ပြီး ပြန်ပေးတဲ့ငွေက ဘီလျံ ၂ဝဝဝဝ ကျော်ရှိကြောင်း တွေ့ရပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ကိုကြည့်မယ်ဆိုရင် ရငွေက ဘီလျံအားဖြင့် တစ်သိန်းကျော်ရှိပြီး ပြန်ပြီးပေးတဲ့ ငွေကလည်း တစ်သိန်းကျော် ရှိတယ်ဆိုပြီး ငွေရဲ့စီးဆင်းမှုတွေ တွေ့ရပါတယ်” ဟု ဦးမောင်တိုးက ပြောကြား သည်။

ယင်းငွေများကို စနစ်တကျ ထိန်းချုပ်ကွပ်ကဲရန် လိုကြောင်း၊ ယခုကဲ့သို့ စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင် တင်သွင်း နိုင်ခဲ့သဖြင့် ယင်းငွေများကို စာရင်းစစ်ချုပ်မှ စစ်ဆေးကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခွင့် ရှိလာမည်ဟု သိရသည်။

Eleven Media Group 

No comments:

Post a Comment