Wednesday 2 July 2014

မန္တလေးရှိ တရားရုံး အချုပ်ခန်းဖောက်၍ ထွက်ပြေးသူကို ၁၁ နာရီအတွင်း ဖမ်းမိ

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်ရှိ တရားရုံးတွင် ခိုးမှုဖြင့် အမှုရင်ဆိုင်နေသည့် အသက် ၂၀ အရွယ် အမျိုးသားသည် တရားရင်ဆိုင်ရန် ရုံးထုတ်လာချိန် ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အချုပ်ခန်း ကိုဖောက်၍ ထွက်ပြေးသွားရာ ယင်းနေ့ညသန်းခေါင် ၁၂ နာရီအချိန်တွင် ၎င်းနေအိမ် အနီးပတ်ဝန်းကျင်မှ ပြန်လည် ဖမ်းမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

အဆိုပါခိုးမှုဖြင့် အမှုရင်ဆိုင်နေရသည့် အမျိုးသားကို ဇနီးဖြစ်သူက ချောင်းဆိုးပျောက်ဆေး ၅၀ ပြားကို ပေါင်မုန့်ထဲတွင်ညှပ်၍ ပေးဆောင်နေသည်ကို အချုပ်ခန်း တာဝန်ကျရဲအရာရှိ မြင်တွေ့ခဲ့ပြီး ၎င်းဇနီးကိုပါ အရေးယူရန် စစ်ဆေးမှု ပြုလုပ်နေစဉ် ခေါင်မိုးမျက်နှာကြက်ဖောက်၍ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အချုပ်ခန်းထဲကို ဆေးတွေပေးနေတာကို အစောင့်ရဲတွေကမြင်တော့ သူ့ဇနီးကိုအရေးယူဖို့ စစ်ဆေးနေတဲ့ အချိန်မှာ အချုပ်သားက အချုပ်ခန်းအမိုးကို ဖောက်ပြီး ထွက်ပြေးသွားတယ်၊ တခြားအချုပ်သားတွေကလည်း ထွက်ပြေးလို့ရအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးတယ်လို့ သိရတယ်။ အချုပ်ခန်း တာဝန်ကျ ရဲအရာရှိသုံးဦးကို အခုလောလောဆယ် အချုပ်ထဲ ထည့်ထားတယ်။ ပြီးမှ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့ ဆောင်ရွက်သွားမှာ” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အဆိုပါ အချုပ်သားထွက်ပြေးသွားမှုနှင့် ပတ်သက်ပြီး မန္တလေးမြို့တွင်းရှိ နယ်မြေ အပိုင်းအခြားအလိုက် ပိတ်ဆို့တားဆီး ကာကွယ်ရေးများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကာ အချုပ် ခန်းဖောက်၍ ထွက်ပြေးသွားသည့် အချုပ်သားကို မဟာအောင်မြေ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၂၂၄ အရ ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

The Voice Weekly 

No comments:

Post a Comment