Wednesday 17 December 2014

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြား သည့်စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။

Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်(Report)ကို မြန်မာနိုင်ငံ အတွက်  Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲပေးသွားမည်ဖြစ်ကြောင်း တရားဝင်ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့ (မီဒို)မှ သိရသည်။

အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ် နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကတည်းက Facebook သို့ တိုင်ကြားနိုင်သည့် စနစ် (Report) ကို ထည့်သွင်း ပေးထားသော်လည်း အချက် အလက် ရွေးချယ်သည့် နေရာတွင် ရှုပ်ထွေးမှုများ ရှိနေသည့် အတွက် ပြည်တွင်းမှ အသုံးပြုသူများ အနေဖြင့် နားလည်နိုင်ရန် ခဲယဉ်းသည့် ပြဿနာ ရှိနေခဲ့ကြောင်း သိရသည်။

သို့သော် အချို့သော နေရာများ၌ ပြည်တွင်းနှင့် မကိုက်ညီသည့် အချက်အလက်များနှင့် လိုအပ်သည့် အချက်များ ရှိနေဆဲဖြစ်သည့် အတွက် မြန်မာနိုင်ငံ အတွက် သီးသန့် တိုင်ကြားမှု ပုံစံကို ရေးဆွဲနေရခြင်း ဖြစ်ကြောင်း သိရသည်။

Account ပိတ်သိမ်းပစ်ရန် တိုင်ကြားရာတွင် ပိတ်သိမ်းလိုသည့် Account သို့မဟုတ် Facebook စာမျက်နှာ သို့ ဝင်ရောက်ကာ Report Account ဟူသည့် ခေါင်းစဉ်ကို ရွေးချယ်ရမည်ဖြစ်သည်။

ရွေးချယ်ပြီးပါက အဆိုပါ Account မှာ အမည်မှန် အသုံးပြုမထားခြင်း၊ အခြားသူ တစ်ဦးကို ၎င်း Account ပိုင်ရှင်က စိတ်အနှောင့်အယှက် ဖြစ်စေခြင်း၊ တခြားသူ တစ်ဦးဦးအဖြစ် ဟန်ဆောင်အသုံးပြုခြင်း၊ လိမ်လည် သုံးစွဲနေသည့် Account ဖြစ်ခြင်း စသည့်အချက်များ ထပ်မံတွေ့ရှိပါက ယင်းတို့အတွင်းမှ တစ်ချက်ချက်ကို ရွေးချယ်ကာ တိုင်ကြားရမည် ဖြစ်သည်။

ထို့အပြင် Facebookမှ ၎င်း၏ အချက်အလက်နှင့် အသုံးပြုမှု အပေါ် လိုက်နာရမည့် အခြေအနေများကို လည်း မြန်မာဘာသာဖြင့် ထုတ်ဝေရန် ရေးသား ပြင်ဆင်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ Facebook အသုံးပြုသူများ အနေဖြင့် Facebook စာမျက်နှာပေါ်မှ ထိပါး စော်ကားခြင်း၊ အမုန်းပွားစရာ စကားပြောဆိုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စများ ဖြန့်ချိ ရေးသားနေခြင်းတို့ တွေ့ရှိပါက တိုင်ကြားမှု အားနည်းနေဆဲ ဖြစ်ပြီး Block ပစ်လိုက်နိုင်သည့် အနေအထားသာ ရှိနေဆဲဖြစ် ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment