Wednesday 17 December 2014

SSPP/SSA အဖွဲ့မှ ကျေးရွာများအတွင်း ၀င်ရောက်လှုပ်ရှား ညအိပ် အခြေပြုမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ ရှမ်းပြည်တိုးတက် ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့မှ ကျေးရွာများအတွင်း ၀င်ရောက် လှုပ်ရှားလာမှုကြောင့် စိုးရိမ် ထိတ်လန့်နေကြကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိပါသည်။

အဆိုပါမြို့နယ်၊ ဖာယကျေးရွာအုပ်စုနှင့် နမ့်အမ်ကျေးရွာအုပ်စုများသို့ SSPP/SSA အဖွဲ့ဝင်အင်အား ၅၀ ဦး ခန့် ၀င်ရောက်လာကာ ညအိပ်အခြေပြုနေသောကြောင့် ရွာသူရွာသားများမှာ အလွန်ပင်ကြောက်လန့် နေကြကြောင်း သိရသည်။

“ ဟိုတစ်နေ့က ရွာထဲကို ၀င်လာတော့ ရွာသူရွာသားတွေ လန့်ကုန်ကြတာပေါ့၊ ပိုဆိုးတာက ညအိပ်တာပဲဗျ၊ အစိုးရတပ် တွေနဲ့ ပက်ပင်းတိုးပြီး ပစ်ကြခတ်ကြဖြစ်ကုန်မှဖြင့် မတွေးရဲစရာပါ ” ဟု ဖာယရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့သည် ဖာယကျေးရွာ၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ညအိပ်ခဲ့ပြီး နောက်တစ်နေ့တွင် ၎င်းကျေးရွာမှ စွန်ခုန် ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

“ ဒီရွာမှာလည်း ညအိပ်တယ်၊ စွန်ခုန်ဘက်က လာတာမြင်တယ်၊ ကိုယ့်ရှမ်းလူမျိုးချင်းတူပေမယ့် သူတို့က လက်နက် ကိုင်တွေလေ၊ သာမန်ရွာသူရွာသားတွေကတော့ ကြောက်တာအမှန်ပဲ၊ အဲဒီလို လက်နက်တွေ တကားကားနဲ့ စစ်ဝတ်စုံ တွေဝတ်ပြီး ရွာတွေမှာ ညအိပ်တာ လုံးဝမသင့်တော်ပါဘူး ” ဟု နမ့်အမ်ရွာခံ တစ်ဦးက ဆိုသည်။

အဆိုပါအဖွဲ့မှ ဒေသခံပြည်သူများအား လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ရန် အခြေ အနေ လာရောက်စုံစမ်းခြင်းဖြစ်နိုင်၍ ကျေးရွာများအတွင်း ၀င်ရောက်ကာ ညအိပ်အခြေပြုနေမှု အပေါ် စိုးရိမ်ထိတ်လန့်ပြီး သံသယဖြစ်နေကြကြောင်း အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားသည်။

စိုင်းလေး(မိုင်းရှူး)
Credit to Shan News

No comments:

Post a Comment