Wednesday 17 December 2014

တက္ကစီများကို အသင်းအဖွဲ့ဖြင့် ကွပ်ကဲနိုင်ရန် စီစဉ်

ရန်ကုန်မြို့တော်အ တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များကို မထသ (ဗဟို)က ကွပ်ကဲ နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာ ၂၀၁၅ အတွင်း ခရီးသည် တင်ယာဉ်လိုင်းများကဲ့သို့အသင်း အဖွဲ့ဖြင့် ကွပ်ကဲနိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့မှာ ခရိုင်လေး ခု မထသတွေရှိတယ်။ အဲဒီမထသတွေကနေ ခရိုင်အလိုက် တက္ကစီတွေကို မှတ်ပုံတင်ဖို့ ဆောင်ရွက်နေပြီ။ အခုလည်း လုပ်နေတယ်။ အဲဒါတွေက ၂၀၁၅ အတွင်း ပြီးသွားဖို့ရှိတယ်။ မှတ်ပုံတင်ခြင်း လုပ်ငန်းပြီးပြီဆိုရင် မထသရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ ဆောင်ရွက်ရမယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်ကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်များ အနေဖြင့် ခရီးသည်တင်ယာဉ် လိုင်းများ ကဲ့သို့ အဖွဲ့အစည်းဖြင့် ပြေးဆွဲနေခြင်းမဟုတ်ဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် မှတ်ပုံတင်ခြင်း သာ ဆောင်ရွက်ထားခြင်း ဖြစ် သည်။

ထိုကဲ့သို့ အငှားယာဉ်များ အား တစုတစည်းပြုလုပ်နိုင်ရန် မိမိတို့ထံသို့ ပြည်သူများထံမှ အကြံပေးမှုများ ရှိခဲ့ပြီး အများပြည်သူများ အဆင်ပြေစေရန် ထိုကဲ့သို့ ပြုလုပ်နိုင်ရေးအထက် အဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း မထသ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အခုလိုအဖွဲ့ဖွဲ့မယ်ဆိုတာ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုင်းကားစီးလို့ မကျေနပ်တာ တစ်ခုခု ဖြစ်ရင် တိုင်လို့ရသေးတယ်။ တက္ကစီစီးလို့ အခက်အခဲတစ်ခုခု၊ အကြောင်းတစ်စုံတစ်ရာရှိ ရင် ဘယ်သူ့ သွားတိုင်မလဲ။ အဲလိုထိန်းကွပ်မှုမရှိလို့ တချို့တက္ကစီသမားတွေဆို အရမ်းမိုက်ရိုင်းတယ်’’ဟု အငှားယာဉ် များ မကြာခဏစီးနင်းလေ့ရှိသူ ကုမ္ပဏီဝန်ထမ်း ဒေါ်သန္တာက ပြောသည်။

အချို့အငှားယာဉ်မောင်း များသည် ငှားရမ်းစီးနင်းသူ အမျိုးသမီးငယ်များကို ထိကပါး ရိက ပါးပြောဆိုမှုများ ရှိနေသဖြင့် ထို ကဲ့သို့ ကိစ္စရပ်များ ဖြေရှင်းကိုင်တွယ်ပေးရန် အဖွဲ့အစည်းတစ်ရပ်မဖြစ်မနေလိုအပ်ကြောင်း ၎င်းက ပြောသည်။

မထသကဲ့သို့ မိမိတို့အား ကွပ်ကဲမည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာမည့် ကိစ္စရပ်သည် ကောင်းမွန် သော်လည်း ခရီးသည်တင်ယာဉ်လိုင်းများကဲ့သို့ မလို အပ်သော အခကြေးငွေများ ပေးဆောင်ရမှုများ ရှိလာမည်ကို မလို လားကြောင်း အငှားယာဉ်မောင်း ကိုလှမျိုးက ပြောသည်။

‘‘အဖွဲ့အစည်းတစ်ခုအနေနဲ့ အငှားယာဉ်တွေ စနစ်တကျပြေး ဆွဲနိုင်ဖို့ ကိုင်တွယ် ဆောင်ရွက် မယ်။ တစ်နှစ် အတွင်း ဖြစ်လာ မယ်’’ဟု ၀န်ကြီး ဦးအောင်ခင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment