Tuesday 23 September 2014

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာများအကြား ရန်သူ ဆန်သည့် ဆက်ဆံရေးရှိနေမှု မှန်၊ မမှန် လွှတ်တော်ကိုယ်စားလှယ် က မေးခွန်းထုတ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာများအကြား ရန်သူ ဆန်သည့် ဆက်ဆံရေးမျိုး ရှိနေမှုမှာ မှန်၊ မမှန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က မေးခွန်း ထုတ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး တွင် ဒေါက်တာ ညိုညိုသင်းက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပြီး “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား မီဒီယာများနှင့် မည်သို့ဆက်ဆံရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားချက်နှင့် မိတ်ဆွေဆန်သော ဆက်ဆံရေးရှိပါသလား”ဟုလည်း မေးမြန်းခဲ့သည်။

“၂ဝ၁၂ ခုနှစ်လောက်မှာ မီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံမှုမရှိဘဲ အရေးကြီးတဲ့အဖြစ်အပျက်တွေ ရှင်းလင်းတဲ့ အခါလောက်ပဲ တွေ့ဆုံခဲ့တာတွေ့ရှိပါတယ်။ အဲဒီတော့ မေးခွန်းထုတ်ဖို့ လိုလာပါတယ်။ နိုင်ငံတော်သမ္မတ အနေနဲ့ မီဒီယာများဟာ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ အတိအလင်း လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ မီဒီယာတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ သိချင်တာရှိရင် မေးခွန်းတွေကြိုပို့ရပါတယ်။ အချို့မီဒီယာတွေက ဒီဌာနကို မေးခွန်းထုတ်ချင်တယ်ဆိုရင် ချိန်းတဲ့နေရာမှာ သွားရတယ်။ အဆင်မပြေရင် မပြေသလို ထပ်ချိန်းပါတယ်။ ဒါကြောင့် မီဒီယာအချို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဘာပြောလာသလဲဆိုရင် သူတို့နဲ့ အစိုးရအဖွဲ့ကြားမှာ ရန်သူသဘောဆန်တဲ့ဆက်ဆံရေးရှိတယ် လို့ ပြောလာကြပါတယ်”ဟု ဒေါက်တာ ညိုညို သင်းက ပြောကြားသည်။

ဒေါက်တာညိုညိုသင်းက မေးခွန်းမေးမြန်းရာတွင် ရန်သူဆန်သောအသုံးအနှုန်းကို လွှတ်တော်ဥက္ကဌ က နောက်ထပ်မံမသုံးရန် သတိပေးတားမြစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သတင်း မီဒီယာများနှင့်ဆက်ဆံရန် ပြန်ကြားရေးဌာန သီးသန့် မရှိကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးအဆင့်ကသာ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကလည်း မီဒီယာနှင့် မည်သို့မည်ပုံ ဆက်ဆံရန် လမ်းညွှန်ထားခြင်းမရှိဘဲ မီဒီယာများနှင့် ရန်သူဆန်သည့် ဆက်ဆံရေးမျိုး ဆိုသည်မှာ မမှန်ကန်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများ၊ အခါအားလျော်စွာကျင်းပပြုလုပ်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် မီဒီယာများအား တက်ရောက်သတင်းရယူစေလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ပြန် ကြားရေး တာဝန်ယူထားသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် က ဖြေကြားသည်။

Eleven Media Group

No comments:

Post a Comment