Tuesday 23 September 2014

ဝန်ကြီးနှစ်ဦး ရက်ပေါင်း ၅၀ ခန့် တာဝန်ယူအပြီး လွှတ်တော်တွင် ကျမ်းသစ္စာဆို

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်တို့သည် ပြည်ထောင်စုဝန်ကြီး တာဝန်အသီးသီး ရယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် လွှတ်တော်၌ လာရောက် ကျမ်းသစ္စာ ဆိုခဲ့သည်။
သြဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်သော ၁၀ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ဝန်ကြီးနှစ်ဦးကို ပြည်ထောင်စုဝန်ကြီး အဖြစ် အတည်ပြု ပေးခဲ့သော်လည်း စက်တင်ဘာလ ၂၂ ရက်နေ့မှ သာ ပြည်ထောင်စုလွှတ်တော်တွင် လာရောက် ကျမ်းသစ္စာ ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ “အတည်ပြုပြီး ရင်တော့ ကျွန်တော်တို့ တာဝန် ထမ်းဆောင်လို့ရပြီ” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ကျမ်းသစ္စာဆိုသော ဦးရဲထွဋ်က ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ၎င်းတို့ကို ပြည်ထောင်စုဝန်ကြီး အဖြစ် အတည်ပြုသော အချိန်သည် ဒသမ အကြိမ် အစည်းအဝေး နောက်ဆုံးရက်နှင့် နီးကပ်နေပြီး ယခုကျင်းပသည့် အစည်းအဝေး စတင်ချိန်တွင် လည်း နိုင်ငံခြားခရီးစဉ်များ ရှိနေသောကြောင့် ကျမ်းသစ္စာဆိုမှု နောက်ကျခဲ့ရခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ဇူလိုင်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့် ပြုခဲ့ပြီးနောက် အဆိုပါ ဝန်ကြီးများ နေရာတွင် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို ခန့်အပ် ရန် နိုင် ငံတော် သမ္မတက ဇူလိုင်လ နောက်ဆုံးပတ်တွင် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment