Thursday 11 September 2014

တိုင်းနှင့်ပြည်နယ်တင်ဒါများပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးမည် ကို စိုးရိမ်ကြောင်း ဒုဝန်ကြီးပြော

ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ  အကောင်အထည် ဖော်ရာတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်  အစိုးရ များက    ကန်ထရိုက်လုပ်ငန်းများတင်ဒါခေါ်ရာ၌    ပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံတော်ဘဏ္ဍာများလေလွင့် ဆုံးရှုံးမှုများဖြစ်မည်ကို စိုးရိမ်နေရ ကြောင်း မွေးမြူရေးရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးဦးခင် မောင်အေးကပြောကြားသည်။
‘‘ကန်ထရိုက်တွေပေးလုပ် တာတချို့ဆို အမည်ပျက်စာရင်း သွင်းရတာတွေတောင် ရှိတယ်’’ ဟု ဒုတိယ ဝန်ကြီးကပြောကြား သည်။

 ပြည်ထောင်စုအစိုးရက တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ဘတ်ဂျက်များခွဲဝေချ ထားပေး ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ကန်ထရိုက်များကိုရွေးချယ်ရာ  အိတ်ဖွင့်တင်ဒါခေါ် ယူရွေး ချယ်သော် လည်း မရိုးသားမှုများကြောင့် အမှန်တကယ်လုပ်နိုင်သူများတင်ဒါမရဘဲ ကြားပွဲစားများ ရနေကြောင်း တင်ဒါပွဲ များကိုဝင်ရောက်ယှဉ်ပြိုင်နေသူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ် ဦးကဆိုသည်။

‘‘တိုင်းနဲ့ပြည်နယ် တင်ဒါ တချို့ဆို ကန်ထရိုက်ကလုပ်ငန်း စလုပ်နေမှ ခေါ်တာတွေရှိတယ်’’ ဟု ၎င်းက အတွေ့အကြုံကို ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက တင်ဒါခေါ်ယူမှု များတွင် ဟန်ပြသက်သက်သာ ဖြစ်နေပြီး အမှန် တကယ်လုပ်နိုင်သူများကို မရွေးချယ်နိုင်ခြင်းမှာ ပွင့်လင်းမြင်သာမှုနှင့်လုပ်ကိုင် နိုင်မှုစွမ်းရည် မရှိခြင်းကြောင့် ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းကပြောကြားသည်။

‘‘ပြည်ထောင်စုအစိုးရရော၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့က သူတို့ကို အရည်အ သွေးမြှင့်တင်ရေး သင်တန်းတွေ လုပ်ပေးသင့်တယ်’’ဟု အထက် ပါပုဂ္ဂိုလ်ကဆိုသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုဆောင်ရွက်ရာ တွင် နိုင်ငံတော်မှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်  ဘတ်ဂျက်ငွေကျပ် ၁၁၆ ဘီလီယံကျော်ချထားပေးပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၃၆ဘီလီယံကျော် ထိ    တိုးမြှင့်ချထားပေးခဲ့သည်။ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့  ကျေး လက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးညံ့ဖျင်းမှုများ၊ အချိန်မီပြီးစီး မှုများ မရှိလျှင် အများပြည်သူများအနေဖြင့် တိုင်ကြား နိုင်ရန်ကိုလည်း နိုင်ငံပိုင်သတင်း စာများတွင် ထည့် သွင်းကြေညာ ထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရလက်ထက် သက်တမ်းတစ် ဝက်ကျော်ချိန်၌  ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အနေဖြင့်   ပြည် ထောင်စုအစိုးရမှ စီမံကိန်းများ၊ တင်ဒါများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့  လုပ်ပိုင် ခွင့်များ လွှဲပြောင်းပေးလာသည်။

7Day DAILY

No comments:

Post a Comment