Wednesday 27 August 2014

ချင်းတွင်းမြစ်ရေစိုးရိမ်မှတ် ရောက်နေ၍ ကုန်းမြင့်ဒေသများမြေပြိုနိုင်

ရန်ကုန်- မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက် သို့ ရောက်ရှိနေသော ကြောင့် ကုန်းမြင့်ဒေသများမြေပြို မည့်သဘာဝဘေးကို သတိပြုရန် လိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကသတိပေး ထားသည်။
‘‘မုတ်သုံလေက အောက်ပိုင်း ကနေ အထက်ဘက်ကိုတက်သွား လို့ အဲဒီမှာ မိုးကောင်းနေတာ။ မိုးက ဆက်ရွာနိုင်သေးတယ်။တောင်တန်းနဲ့ ကုန်းမြင့်ဒေသဆို တော့ မြေပြိုနိုင်တဲ့ အန္တရာယ် သတိထားဖို့လို တယ်’’ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

 ဘင်္ဂလား ပင်လယ်အော် တွင် ကာလကြာရှည်စွာမုတ်သုံ လေအားကောင်းခဲ့ပြီး မြန်မာနိုင်ငံ အောက် ပိုင်းဒေသ များ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီးနောက် ယခု အခါ မုတ်သံလေအထက်ပိုင်းသို့ ရွေ့လျား သွားကြောင်းဒေါက်တာ ထွန်းလွင်ကရှင်းပြသည်။

အထက်ပိုင်းဒေသများတွင် မိုးကောင်းနေ၍ ဒေသတွင်း မြစ်၊ချောင်းများရေမြင့်တက်လာပြီး ချင်းတွင်းမြစ် သည်  ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ်အထက်တွင် ရောက်ရှိနေကြောင်းမိုး /ဇလဌာနက သတင်း ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်ဒေသအချို့၌ ရေကြီးရေလျှံ မှုများဖြစ်နေပြီး ဖားကန့်မြို့နယ်တွင် ဒေသခံလူဦးရေရာနှင့်ချီ၍ ရေဘေးကယ်ဆယ်ရေးစခန်းများ တွင်ခိုလှုံနေရသည်။ သြဂုတ်လ ဆန်းပိုင်းက ကချင်ပြည်နယ် တွင် နေရာကွက်၍ မိုးကြီးခဲ့သော ကြောင့် စစ်ဘေးဒုက္ခသည်စခန်း တစ်ခု၌ မြေပြိုကျကာ လူငါးဦး သေဆုံးမှုဖြစ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment