Wednesday 27 August 2014

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။ တကယ်တော့ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မလွယ်ပါဘူး။ မလွယ်ရတဲ့အကြောင်းအရင်းက တစ်ဖက်နဲ့တစ်ဖက် သူသေကိုယ်သေတိုက်ခဲ့ကြတော့ နာကျည်းမှုဆိုတာတွေ ရှိနေလို့ပါ။ နာကျည်းမှုကိုအရင်းခံတဲ့ မယုံ သင်္ကာမှုတွေဖိစီးတာကြောင့် ဘယ်ဆွေးနွေးပွဲမဆို သံသယဆိုတာ ရှိစမြဲပါပဲ။ ဒီသံသယတွေကြောင့် ဆွေးနွေးပွဲတိုင်းမှာ အထစ်အငေါ့ဆိုတာတွေရှိနေပါတယ်။ ဒီ့ထက်ပိုပြီး ယခုအချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ MPC တို့ဆွေးနွေးနေကြတာဟာ တဘက်ကကြည့်ရင်တော့ ကောင်းပါ တယ်၊ ကျန်တစ်ဖက်ကကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးမှု မှာတောင် မပြီးပြတ်နိုင်တဲ့ ငြင်းခုံစရာတွေရှိခဲ့တာဆိုတော့ နိုင်ငံရေးပါတီများပါလာချိန်တွင် အတ္တတွေဆန္ဒတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြာရှည်သွားရင်တော့ နိုင်ငံအတွက်မကောင်းပါ။ ဒါတွေကိုပါဝင်ဆွေးနွေးသူတွေက စေတနာနဲ့ ရိုးသားမှုရှိစွာဆွေးနွေးကြပြီး ငြိမ်းချမ်းရေးကြီးတကယ်ဖြစ်မြောက်ရင်တော့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လမ်းစတစ်ခု ဖြစ်သွားပါလိမ့်မယ်။ 
လက်နက်ကိုင်မှ၊ ဒူးမထောက်မှ၊ သေရဲသတ်ရဲမှ၊ ရဲရဲနီမှတော်လှန်မှဆိုတဲ့ အတွေးအခေါ်ဟောင်းတွေဟာ ခေတ်ဟောင်းမှာကျန်ခဲ့ကြပါပြီ။ လက်ရှိကမ္ဘာကြီးဟာ ဥာဏ်ကိုလွှာသုံးတဲ့ခေတ်၊ လွပ်လပ်မှုကိုတန်ဖိုး ထားတဲ့ခေတ်၊ ဒီမိုကရေစီကိုမြတ်နိုးတဲ့ခေတ်၊ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ခေတ်ဖြစ်နေပြီး တော်လှန်ရေး ကိုအပြိုင်အဆိုင် သွားကြ တဲ့ ခေတ်မဟုတ်တော့ပါ။ တိုင်ပြည်တိုးတက်မှုကို ပြိုင်ကြတဲ့ခေတ်ဖြစ်ပါတယ်။ တကယ် တော့မြန်မာနိုင်ငံ ဟာလည်း လက်နက်ကိုင်သောင်ကျန်းမှုတွေနဲ့ ခေတ်နောက်ကျကျန်ခဲ့ရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆိုတာတဖက်ထဲကလိုချင်လို့မရပါဖူး။ တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးကလည်း အမှန်တကယ်ငြိမ်းချမ်းရေးကို လိုချင်တဲ့စိတ်ရှိဖို့လည်းလိုပါတယ်။ ဒီနေရာမှာ တိုင်းရင်းသား ခေါင်းဆောင်တွေအထဲ မှာလည်း တပြည်လုံးအတိုင်းအတာနဲ့ ကြည့်နိုင်သူ၊ မိမိပြည်နယ်အကျိုးကို ကြည့်သူ၊ မိမိအတ္တတွေကို ရှေ့တန်းတင်ပြီး မိမိတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် လုပ်နေသူတွေတဖြည်းဖြည်း ကွာသွားနိုင် ပါတယ်။ ဒါကြောင့် အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးအဖြေရှာကြရင် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး အဖြေကို ရှာတွေ့နိုင်ကြပါလိမ့်မယ်။ ယနေ့မြန်မာပြည်ဟာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေပါ။ ဒီလို အခြေနေမှာ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး လက်နက်ကိုင်သောင်းကျန်းမှုတွေကနေစကားဝိုင်းပေါ် ရောက်လာကြပြီ ဆိုပါလျှင် ငြိမ်းချမ်းရေးသူရဲကောင်းတွေ ဖြစ်ဖို့တော့လိုအပ်နေပါပြီ။

အနှစ် (၆၀)ကျော် လက်နက်ကိုင်တိုက်ခဲ့ကြပြီး စားပွဲဝိုင်းထိုင်ဆွေးနွေးကြတာနဲ့ ချက်ချင်းအဖြေရမယ် လို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း အမှန်တကယ်ငြိမ်းချမ်းရေးယူ လိုစိတ်ရှိဖို့လည်း လိုပါတယ်၊ နိုင်ငံရေးပါတီများကလည်း ဖြစ်နိုင်တာတွေကိုစဉ်းစားပြီး နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့ အတွက် စုပေါင်းလုပ်ဆောင် ရမယ့် အချိန်တွေ ဖြစ်ပါတယ်။ ယနေ့ရာစုနှစ်တွေဟာ အာရှခေတ်လို့ပြောနိုင်ပါ တယ်။ ယခုအချိန်မှာ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုဟာ အားရစရာပါ။ တိုင်းပြည် ထူထောင်ရေး၊ တိုးတက်ရေးဆိုတာ ငြိမ်းချမ်းမှုမရှိပဲဆောင်ရွက်လို့ မရပါဖူး။ အရှေ့တောင်အာရှမှာ လာအိုတို့လို၊ ကမ္ဘောဒီယား တို့လို နိုင်ငံတွေတောင် တိုးတက်မှုမှာမြန်မာနိုင်ငံထက် နှာတဖျားသာချင်နေကြပါပြီ။ ထိုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာလည်း အားလုံးညီညီ ညွှတ်ညွှတ်နဲ့ အလုပ်လုပ်ကြမှ နိုင်ငံကြီးအလျှင်အမြန် တိုးတက် လာမှာပါ။ ယခုအချိန်အခါမှာ မြန်မာနိုင်ငံကြီးတိုးတက်အောင် အရင်ဆုံး ငြိမ်းချမ်းရေးရဖို့ မဖြစ်မနေလိုပါတယ်။ ဒါကို နားလည်ကြရင်၊ စေတနာမှန်ကြရင် ငြိမ်းချမ်းရေးရဖို့ လက်တကမ်းမှာ ပဲရှိပါတယ်။ တကယ်လို့ ယခုအချိန်အခါမှာ မြန်မာ နိုင်ငံကြီးငြိမ်းချမ်းရေးမရခဲ့ဘူးဆိုရင်တော့ နောက်ပိုင်းတွေမှာ ငြိမ်းချမ်းမှု ရအောင် ဆောင်ရွက်နေရင်းနဲ့ပဲ နိုင်ငံတိုးတက်မှု နောက်နှေးသွားမည်ဖြစ်ပါကြောင်း။

အောင်သစ်

No comments:

Post a Comment