Sunday 24 August 2014

ရန်ကုန်မြို့တော်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူဦးရေ ယခင်နှစ်ထက် နှစ်ဆတက်

ရန်ကုန်မြို့တော် အစွန်အဖျားတွင် လူနေထိုင်မှု များပြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် ပထမ ခြောက်လအတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူဦးရေမှာ ၂၀၁၃ ခုနှစ် တစ်ခုလုံးတွင် ဖြစ်ပွားခဲ့သည့် ဦးရေထက် နှစ်ဆနီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး ကူးစက်ရောဂါကု ဆရာဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်က ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၂၇၆ ဦးတွင် သုံးဦး သေဆုံး ခဲ့ပြီး၊၂၀၁၄ ခုနှစ်တွင်မူ ပထမ ခြောက်လတာ ကာလအတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၂၈၀ ဦး ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှတ်တမ်းများအရ သိရှိရသည်။

“ရေကြီးပြီဆိုရင် မိလ္လာပိုက်တွေ ရေလျှံတတ်တယ်။ လမ်းလျှောက်ရင်း ခြေထောက်မှာ ပိုးပါသွားနိုင်တာကို လက်က ကိုင်မိမယ်။ ဒီလက်နဲ့ အစားအသောက် စားမိမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် အစားအစာနဲ့ သောက်သုံးရေ သန့်ရှင်းဖို့ လိုတယ်” ဟု ၎င်းက ပြောဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ၏ အဝတ်အစား လျှော်ဖွတ်ရာမှ ဝမ်းပျက်ဝမ်းလျောပိုး ကူးနိုင်သည့်အတွက် သေချာ လျှော်ဖွတ်သင့်ကြောင်း၊ သောက်ရေသာမက သုံးရေသည်လည်း ပါးစပ်အတွင်း ဝင်နိုင်သည့် အတွက် ကလိုရင်း ခပ်သင့်ကြောင်း၊ ဝမ်းလျှောပါက ဓာတ်ဆားရည်ကို ပမာဏမှန်မှန် ဖျော်သောက်ရန်နှင့် လိုအပ်ါက ဆေးသွင်းကုသရန်၊ ပန်းကန်ခွက်များကို သန့်ရှင်းအောင်ဆေးရန်၊ လက်ဆေးသည့် အလေ့အကျင့် ပြုလုပ်ရန် ၎င်းက အကြံပြု ပြောကြားသည်။

“ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် တချို့မှာ တဲထိုးပြီး ဖြစ်သလို နေကြတယ်။ ဒီနေရာမှာပဲ စားကြတယ်။ စားကြွင်း စားကျန်တွေလည်း စွန့်တယ်။ မစင်လည်း ဒီနေရာပဲ စွန့်ကြတာတွေ ရှိနေတယ်။ သောက်သုံးရေ လုံလောက်မှု မရှိ။ ရေမြောင်းလည်း မရှိ။ အိမ်သာကလည်း စနစ်တကျ မရှိဆိုတော့ ဆင်ခြေဖုံး ရပ်ကွက်မှာ နေထိုင်တဲ့ လူတွေအတွက် ရောဂါဖြစ်လွယ်ပြီး အန္တရာယ်ရှိတဲ့ အနေအထား ရောက်နေတယ်” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေက သုံးသပ်ပြောဆိုသည်။ 

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် မိုးရာသီနှင့် နွေရာသီ ရေရှားပါးသည့် အချိန်များတွင် အဖြစ်များကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

The Voice Weekly 

No comments:

Post a Comment