Sunday 24 August 2014

ရေနံချက်လုပ်ခွင့်ကို တရားဝင် ချထားပေးမည်ဟုဆို

မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနံချက်လုပ်ခွင့်ကို စွမ်းအင်ဝန်ကြီးဌာနက ယခုနှစ်အတွင်း တရားဝင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့် က ပြောကြားသည်။
ရေနံချက်လုပ်ခွင့်ကို စည်းကမ်းနှင့်အညီ ထုတ်လုပ်ခွင့်ပြုရန် နေရာ အကျယ်အဝန်း၊ ချက်လုပ်မည့် စက်ကိရိ ယာ၊ အရည်အသွေး စသည့် စည်းကမ်းများကို မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ခွင့်ပြုပေးမှာကိုတော့ ဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ယူမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေ က စည်းကမ်းနဲ့ ညီ၊ မညီ စိစစ်ပေးရုံပဲ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရေနံလက်ယက်တွင်းများ ခွင့်ပြုပေးထားရာ ရေနံချက် သည့် လုပ်ငန်းများကိုလည်း တရားဝင် ခွင့်ပြုပေးမည် ဖြစ်ကြောင်း စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ရှင်းပြ သည်။ “တစ်နိုင်တစ်ပိုင် ရေနံတူးတဲ့သူတွေက အစိုးရ ရေနံချက်စက်ရုံကို သွင်းရတာ ရှိတယ်။ ရေနံချက်မယ်ဆိုလည်း နည်းပညာလိုအပ်တဲ့အတွက် လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့ ခဲယဉ်း မယ်” ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြား သည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တူရင်းတောင်တန်း သဲပြင်တောရွာအနီးတွင် မြန်မာရေနံနှင့် သဘာဝလုပ်ငန်းနှင့် ရေနံရှာဖွေရေးတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မှတ်တမ်း များအရ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment