Sunday 24 August 2014

မြေနီကုန်း ခုံးကျော်တံတား အောက်ခြေ ဆောက်လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီး ဆောက်လုပ်မည်

Capital Development လုပ်ငန်းစုမှ တာဝန်ယူ ဆောက်လုပ်နေသည့် မြေနီကုန်း ခုံးကျော် တံတား စီမံကိန်းတွင် အောက်ခြေအပိုင်း ဆောက်လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီးသတ် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

''စီမံကိန်း စလုပ်ရင် ယာဉ်တွေ၊ လူတွေ အန္တရာယ် မဖြစ်အောင် ဆောက်လုပ်နေတဲ့ အပိုင်းတွေကို ကာရံသွားရမယ်။ အဲဒီလို ကာရံလိုက်ရင် ဘေးသွားတဲ့ လမ်းတွေ အရမ်း ကျဉ်းသွားမယ်။ လှည်းတန်း ခုံးကျော်တံတား ဆောက်လုပ်စဉ် ကာလတုန်းက ဘေးသွားလမ်း မကျန်လို့ ဒီပြဿနာ မတွေ့ခဲ့ရဘူး။ ဒီပြဿနာနဲ့ ကြုံတွေ့ နေရတယ်။ ဘေးသွား လမ်းတွေက ကျဉ်းနေတယ်။ ဘေးပလက်ဖောင်း တွေကို ချဲ့ဖို့လည်း အစီအစဉ်တွေ ဆွဲနေတယ်။ ဒါမှ လမ်းကျဉ်းရင်တော့ ကားလေးတွေ ကိုပဲ သွားလာခွင့် ပေးပြီး ခရီးသည်တင် ယာဉ်ကြီးတွေကို လမ်းကြောင်း ပြောင်းပေးဖို့ စီစဉ်နေတယ်။ လမ်းကြောင်း ပြောင်းဆွဲရင် ကြုံတွေ့ရမယ့် အခက်အခဲ တွေကိုလည်း လေ့လာနေတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းကို ယခုလ ပထမပတ် အတွင်း ပြည်လမ်းမကြီး ပေါ်ရှိ ဆောက်လုပ်မည့် နေရာများတွင် တိုင်းတာခြင်း နေရာ သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြေနီကုန်း ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေချိန်တွင် ပြည်သူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် အကာအရံများ ကာရံ ပေးသွားမည် ဖြစ်ပြီး အကာအရံ များကို ကာရံရန် အတွက် သြဂုတ် ၁၉ ရက်တွင် သတ်မှတ် ထားသော်လည်း သြဂုတ် ၂၂ ရက်အထိ ကာရံနိုင်ခြင်း မရှိသေးသည်ကို တွေ့မြင် နေရသည်။ 

ဆောက်လုပ်ရေး လုပ်ငန်းများကို စတင် လုပ်ကိုင်သည့် အချိန်မှစ၍ အောက်ခြေတိုင်များ ဆောက်လုပ် ပြီးစီးချိန်တွင် ခရီးသည်တင် ယာဉ်ကြီးများ အားလုံးမှာလည်း ပုံမှန် လမ်းကြောင်းများ အတိုင်း ပြန်လည်မောင်းနှင် သွားလာ နိုင်မည်ဟု မ-ထ-သ (ဗဟို) ဥက္ကဋ္ဌက ပြောသည်။

မြေနီကုန်း ခုံးကျော်တံတား ဆောက်လုပ်ရေး စီမံကိန်းတွင် ဆောက်လုပ်ရေး စတင်ချိန်၌ အကာအရံများ ကာရံပြီး ယာဉ်ကြီးများ ဖြတ်သန်း သွားလာ၍ မရပါက အောက်ကြည့်မြင်တိုင်လမ်း၊ ဗဟိုလမ်းများကို အဓိက အသုံးပြု သွားလာမည် ဖြစ်၍ ယာဉ်ကြော ကျပ်တည်းမှုများ ပိုမိုဖြစ်ပေါ် လာနိုင်ပြီး အောက်ခြေ ဆောက်လုပ်မှုများ ပြီးစီးပါက ခရီးသည်တင် ယာဉ်များ၏ သွားလာမှု ပုံမှန် အနေအထား ပြန်ဖြစ် လာနိုင်မည်ဟု ပညာရှင် များက သုံးသပ်ကြသည်။

မြ၀တီ 

No comments:

Post a Comment