Thursday 12 June 2014

မသန်စွမ်းသူများအရေးကိစ္စ ကိုယ်စားပြုဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်

ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံတွင် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ ဥာဏ်ရည်မသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အပြောနှင့် အကြား အာရုံ မသန်စွမ်းဟူ၍ မသန်စွမ်းလေးမျိုး သတ်မှတ်ထားပြီး ကောင်စီဖွဲ့စည်းရာတွင် မသန်စွမ်း တစ်မျိုးချင်း စီလျှင် ငါးယောက်နှုန်းဖြင့် စုစုပေါင်း အယောက် ၂၀ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

“မသန်စွမ်းလေးမျိုး သတ်မှတ်ထားတယ်။ တစ်မျိုးကို ငါးယောက်နှုန်း၊ ဒါပေမဲ့ ကောင်စီရဲ့ ဦးဆောင်သူက ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အပြောနဲ့ အကြားအာရုံ၊ ဉာဏ်ရည်စတဲ့ မသန်စွမ်းလေးမျိုးထဲက တစ်မျိုးဖြစ်နေ တယ်ဆိုရင် အဲဒီတစ်ဖွဲ့က ခြောက်ယောက်ဖြစ်သွားမှာပါ။ အဲဒီတော့ ၂၁ ယောက် ဖြစ်သွားမှာပေါ့။ အဲဒီ ၂၁ ယောက်ကပဲ မသန်စွမ်းအရေးတွေကို ကိုယ်စားပြု ဖြေရှင်းပေးမှာပါ” ဟု ရွှေမင်းသားဖောင်ဒေးရှင်း တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောကြားသည်။

အဆိုပါကောင်စီတွင် ၀င်ရောက်ရွေးချယ် လိုသူများသည် မှတ်ပုံတင်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး သုံးရက်တာကျင်းပသည့် ညီလာခံတွင် Computer System ဖြင့် Voting ပေးနိုင်မည်ဖြစ်သည်။ ယင်းအပြင် မသန်စွမ်းလေးမျိုးမှလည်း အပြန်အလှန် မဲပေးနိုင်ကြောင်း သိရသည်။

အဆိုပါကောင်စီ ဖွဲ့စည်းရသည့် အကြောင်းရင်းမှာ မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲ အတား အဆီးများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးထုတ်ဖော်ပြီး မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အမြန်ဆုံး အကောင် အထည် ဖော်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ချုပ်မှ ဦးနေလင်းစိုးက ပြောကြားသည်။

ထို့ပြင် ပထမဦးဆုံးဖွဲ့စည်းမည့် ကောင်စီသည် တစ်နှစ်စီမံကိန်း၊ ဒုတိယဖွဲ့စည်းမည့် ကောင်စီသည် နှစ်နှစ်စီမံကိန်းနှင့် တတိယဖွဲ့စည်းမည့် ကောင်စီသည် လေးနှစ်စီမံကိန်း လုပ်ဆောင်သွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment